နေပြည်တော် စက်တင်ဘာ ၂၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မုံအိုးအပါအဝင် ဆက်စပ်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၂၂၀၀၀၀) ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၂၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပဲခူးခရိုင်၊ တောင်ငူ ခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ်သုည ဒသမ ၃၂၆ တန်၊ သစ်မာ ၂ ဒသမ ၆၃၉ တန်၊ အခြားသစ် ၅ ဒသမ ၄၃၅ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၉၃၃၉ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်တွင် တိုက်ကြီးမြို့နယ်အတွင်း၌ တရားမဝင် သစ်မာ သုည ဒသမ ၃၄၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၃၂၀) ကိုသိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် ဟိုပုံးမြို့နယ်အတွင်း၌ ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၈၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၉၇ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၆ မျိုး၊ စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၉၇၈၆၆၀၇၈) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. MCL-15 ရေယာဉ်တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၂၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၃၇၈၆၆၀၇၈ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများအနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၃၈၀၃၂၇၃၇) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင် ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်