ဘားအံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကြီးမှူး၍ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်နွယ်ရီနှင့် ဘားအံခရိုင်ဦးစီးမှူး ဒေါက်တာခင်ငယ်အောင်တို့က ခွေးရူးရောဂါဆိုင်ရာ အသိပညာများ ဟောပြောခဲ့ကြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကာ ခွေးနှင့် ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်အပြီးတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများကို ကျောင်းအုပ်ဆရာမကြီးထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


