ဘာစီလိုနာအသင်းနဲ့ ဂီတာဖေးအသင်းတို့ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ စပိန်လာလီဂါပွဲစဉ်(၅)မှာ ဘာစီလိုနာအသင်းက ဂီတာဖေးအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကိုပထမပိုင်းပွဲကစားချိန် ၁၅ မိနစ်နဲ့ ၃၄ မိနစ်တို့မှာ ဖာရန်တောရက်စ်ကနှစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၆၂မိနစ်မှာ အိုလ်မိုကတစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဖာရန်တောရက်စ်ဟာ ယခုဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးလေးဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်ရှိစပိန်လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပွဲစဉ် ၅ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ဗယ်လက်ကာနိုအသင်းကို သရေတစ်မှတ်သာကစားနိုင်ခဲ့တာကြောင့် လေးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၂) နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂီတာဖေးအသင်းကတော့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် ၅ ယှဉ်ပြိုင်ကစားပြီးချိန်မှာ သုံးပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ်ကိုးမှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၈)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အခြားသော စပိန်လာလီဂါပွဲစဉ်တွေမှာတော့ ဗလင်စီယာအသင်းက ဘီဘာအိုအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အဲလ်ချီအသင်းက ရီးယဲလ်အိုဗီဒိုအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗယ်လက်ကာနိုအသင်းနဲ့ ဆယ်လ်တာဗီဂိုအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ မာယော့ကာ အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ စသဖြင့်ရလဒ် အသီးသီးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


