ဂျေရုဆလင် စက်တင်ဘာ ၂၂
ပါလက်စတိုင်းအား နိုင်ငံအဖြစ်အသိအမှတ်ပြုခဲ့သည့် ဗြိတိန်၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့၏ ဆောင်ရွက်ချက်ကို ရှုတ်ချကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
မှတ်ချက်ပြုပြောကြား
ပါလက်စတိုင်းအား နိုင်ငံအဖြစ်အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်ဝါဒကို ထောက်ပံ့ခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားသည်။
အဆိုပါဆောင်ရွက်ချက်အား ကြိုဆိုကြောင်းနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးသည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်က ပြောကြားသည်။
နှစ်ပြည်ထောင်ဖြေရှင်းချက်ကို အသိအမှတ်ပြုသည့်အနေဖြင့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီးယားစတန်မာက ပြောကြားသည်။ ပါလက်စတိုင်းများ၏ ဆန္ဒဖြစ်သည့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိုထောက်ခံကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်ဘားနိစ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်တို့က ပြောကြားသည်။
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ကနေဒါဝန်ကြီးချုပ် မတ်ကာနေက ပြောကြားသည်။ အစ္စရေးအစိုးရသည် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကို ဟန့်တားနေပြီး အနောက်ဘက်ကမ်းတွင် နယ်မြေချဲ့ထွင်ခြင်းကို ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


