တီဟီရန် စက်တင်ဘာ ၂၂

 

အီရန်နှင့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံတို့အကြား နျူကလီးယားအရေးနှင့်ပတ်သက်၍ လာမည့်သီတင်းပတ်တွင် နယူးယောက်၌ ဆွေးနွေးမည်ဖြစ်ကြောင်း အီရန်တက်စနင် သတင်းအေဂျင်စီက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

 

ယခုကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂပြည်ပရေးရာ မူဝါဒအကြီးအကဲ ကာဂျာကာလက် တက်ရောက်မည်ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး  ဆာယိအဗတ်အေရာချီသည် ကုလသမဂ္ဂအထွေထွေ ညီလာခံတက်ရောက်ရန် စက်တင်ဘာ ၂၁ ရက်က နယူးယောက်သို့ ထွက်ခွာခဲ့သည်။ ယင်းညီလာခံပြင်ပတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးသည်  ကမ္ဘာ့နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်သည်။ အီရန်အားပိတ်ဆို့မှုများမှ ကင်းလွတ်ခွင့်ပြုသည့်  အချိန်ကာလကိုတိုးမြှင့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ခြင်း မရှိခြင်းကြောင့် ယခုကဲ့သို့ အီရန်နှင့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့အကြား ဆွေးနွေးပွဲများ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား နျူကလီးယားအရေးအတွက် သဘောတူညီချက် ရရှိခဲ့သည်။

 

ရပ်ဆိုင်းမည်ဟုကြေညာ 

 

အီရန်အနေဖြင့် နျူကလီးယားအရေး သဘောတူညီချက်များကို ချိုးဖောက်ပါက ကုလသမဂ္ဂအနေဖြင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရေးအတွက် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့က ပြီးခဲ့သည့်လအတွင်းက တောင်းဆိုခဲ့သည်။ အီရန်အား အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ရှိအချိန်တွင် ဆောင်ရွက်နေသည့်အတွက် အီရန်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီအကြား ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းမည်ဟု အီရန်အမျိုးသားလုံခြုံရေးကောင်စီက ကြေညာခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ