အစ္စတန်ဘူလ် စက်တင်ဘာ ၂၂
တူကီယဲနိုင်ငံမြောက်ပိုင်း ပင်လယ်နက်ဒေသတွင် ဖြစ်ပွားသည့် ရေကြီးရေလျှံမှုအတွင်း ဒေသခံ ၁၇ ဦးကို တပ်မတော် ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ဒေသအတွင်း ရေကြီးရေလျှံခြင်းကြောင့် စက်တင်ဘာ ၂၀ ရက်မှ စတင်၍ မြေပြိုခြင်းများဖြစ်ပွားကာ ရီဇီ၊ ဂေယီဆန်၊ အက်ဗန်နှင့် ထရာဇွန်ဒေသတို့ရှိ လမ်းတံတားများ ပျက်စီးခဲ့ပြီး ဒေသခံများ ပိတ်မိခဲ့သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြေပြင်တပ်ဖွဲ့နှင့် လေတပ်မှရဟတ်ယာဉ်များကို ရီဇီဒေသသို့စေလွှတ်ခဲ့ပြီး ဒေသခံ ၁၇ ဦးကို ကယ်ဆယ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ရီဇီဒေသမြစ်ကမ်းရှိ အပန်းဖြေနေရာများမှာ ရေကြီးရေလျှံမှုများအတွင်း မျောပါခဲ့သည်။ ရီဇီဒေသအား ပြန်လည်တည်ထောင်ရေးအတွက် ရန်ပုံငွေအဖြစ် လိုင်ယာ ငွေ ၁၄ သန်းကို ပေးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဝန်ကြီး အဗ္ဗဒူကာ ဒါအူယာလူဂူက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


