စက်တင်ဘာ ၂၃
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘန်ဂတ်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်လေးစီးဖြတ်သန်းသွားလာနေစဉ် မြေပြိုမှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
လူဇုံကျွန်းပေါ်ရှိ ကုန်းတွင်းပိတ်ပြည်နယ် ဘန်ဂတ်တွင် ယမန်နေ့မွန်းလွဲပိုင်းမြေပြိုမှုဖြစ်ပွားချိန်က အသက် ၇၄ နှစ်အရွယ်အမျိုးသားသည် ၎င်း၏ယာဉ်အတွင်းမှာပင် ပိမိသွားခဲ့သည်။ ၎င်းကိုဘာဂူရိုမြို့ရှိ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံသို့ရောက်ရှိလာချိန်တွင် သေဆုံးသွားသည်ဟု ကြေညာခဲ့သည်။
အဆိုပါသဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် အခြား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းတို့အားလုံးကို ဒေသတွင်းဆေးရုံအသီးသီးသို့ ပို့ဆောင်ကုသမှုပေးခဲ့သည်ဟု သိရသည်။
ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ တိုင်ဖွန်းမုန်တိုင်းရာဂါဆာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် ရေကြီးရေလျှံခြင်း၊ သစ်ပင်များပြိုလဲခြင်းနှင့် နေအိမ်အမိုးများ ပေါက်ပြဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


