စက်တင်ဘာ ၂၃
ဉရောပတွင် လွန်ခဲ့သောနွေရာသီသုံးလတာကာလအတွင်း အပူနှင့်ဆက်စပ်ပြီး သေဆုံးသူဦးရေ ၁၈၁၀၀၀ ဖြင့် စံချိန်တင်မြင့်မားခဲ့ကြောင်း Nature Medicine တွင်ဖော်ပြထားသော ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး ဘာစီလိုနာအင်စတီကျု့၏ ယမန်နေ့ကထုတ်ပြန်သော လေ့လာချက်အသစ်အရ သိရသည်။
ရာသီဉတုဖောက်ပြန်မှုသည် ဉရောပတစ်ဝန်းတွင် အပူရှိန်များသိသိသာသာမြင့်တက်လာလျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် သတိပေးပြောကြားထားသည်။
၂၀၂၄ ခုနှစ် နွေရာသီတစ်ခုတည်းမှာပင် အပူချိန်အမြင့်မားဆုံးစံချိန်တင်ခဲ့ပြီး ဇွန်လမှ စက်တင်ဘာလအတွင်း အပူနှင့်ဆက်စပ်၍ သေဆုံးသူ ၆၂၇၇၅ ဦး ရှိခဲ့သည်။ အီတလီနိုင်ငံတွင် အပူချိန်မြင့်မားဆုံးဖြစ်ပြီး သေဆုံးသူ ၁၉၀၃၈ ဦးရှိကာ စပိန်နိုင်ငံတွင် သေဆုံးသူ ၆၇၄၃ ဦးနှင့် ဂျာမနီနိုင်ငံတွင် သေဆုံးသူ ၆၂၈၂ ဦးတို့ရှိကြောင်း ဖော်ပြထားသည်။
ဥရောပနိုင်ငံ ၃၂ နိုင်ငံရှိ ဒေသပေါင်း ၆၅၄ ခုမှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ ဂရိနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အပူနှင့်ဆက်စပ်သော သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး လူတစ်သန်းလျှင် ၅၇၄ ဦး သေဆုံးကာ ဘူလ်ဂေးရီးယားနိုင်ငံတွင် သေဆုံးသူ ၅၃၀ နှင့် ဆားဘီးယားနိုင်ငံတွင် သေဆုံးသူ ၃၇၉ ဦး တို့ရှိသည်။ နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် အပူနှင့်ဆက်စပ်ပြီး ဆုံးမှုနှုန်း အမြင့်ဆုံးအဖြစ် ကြုံတွေ့ခဲ့ရသည်။
ထိုလေ့လာမှုတွင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ထိခိုက်လွယ်ဆုံးအုပ်စုများအဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၄၆ ဒသမ ၇ ရာခိုင်နှုန်းပိုမိုသေဆုံးမှုရှိပြီး ၇၅ နှစ်အထက် အသက်အရွယ်ရှိသူများသည် အခြားအသက်အရွယ်အုပ်စုများထက် ၃၂၃ ရာခိုင်နှုန်း သေဆုံးမှုနှုန်းပိုများကြောင်း ် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


