ရန်ကုန် စက်တင်ဘာ ၂၂
၂၀၂၅-၂၀၂၆ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) နောက်ဆုံးနေ့ကို စက်တင်ဘာ ၂၂ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ မဟာယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုရာသီတွင် နိုင်ပွဲမရသေးသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး မဟာယူနိုက်တက်အသင်းက အပြန်အလှန်သွင်းဂိုးများဖြင့် အနိုင်ယူကာ ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် နည်းပြသစ် ဦးမင်းထွန်းလင်းလက်ထက်တွင်လည်း နိုင်ပွဲမရသေးဘဲ ရာသီအစ လေးပွဲဆက်တိုက် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
မဟာယူနိုက်တက်အသင်းသည် ကျော်စွာမင်း၊ ကောင်းမြတ်သူ၊ ပက်ထရစ်၊ ထူးဝေယံတို့ဖြင့် လူစုံအသုံးပြုခဲ့သလို ရခိုင်ယူနိုက်တက်အသင်းကလည်း နိုင်ငံခြားသားကစားသမားနှစ်ဦးနှင့် ပြည်တွင်း အမာခံကစားသမားအများစုကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ပွဲအစပိုင်းတွင် မဟာယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ခုနစ်မိနစ်တွင် ပက်ထရစ်၊ ၂၁ မိနစ်တွင် ထူးဝေယံတို့က ဂိုးများသွင်းယူကာ မိနစ် ၂၀ ကျော်မှာပင် နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သည်။ ၂၅ မိနစ်တွင် မူစတာဖာက ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်း သော်လည်း ပထမပိုင်းပြီးခါနီးတွင် ပက်ထရစ်က မဟာယူနိုက်တက် အသင်းအတွက် တတိယဂိုး ထပ်သွင်း ခဲ့သည်။ ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက်အသင်းက ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ၈၁ မိနစ်တွင် ခင်ကျော်ဝင်းက ဒုတိယချေပဂိုးသွင်းယူနိုင်သော်လည်း ပွဲပြီးသည်အထိ ဂိုးထပ်မသွင်းနိုင် သဖြင့် သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
စက်တင်ဘာ၂၁ ရက်က ကစားသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းသည် အံ့အားသင့်ဖွယ်ရှုံးပွဲနှင့်အတူ ထိပ်ဆုံးမှ ဖယ်ပေးခဲ့ရသည်။
တက်လှမ်းနိုင်ခဲ့
ပွဲစဉ်(၄) တွင် ဇယားထိပ်ပိုင်းအသင်းများ နိုင်ပွဲပျောက်ခဲ့သဖြင့် ဟံသာဝတီယူနိုက်တက်အသင်းက ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။
ဟံသာဝတီယူနိုက်တက်အသင်းနှင့်ဒဂုံစတားယူနိုက်တက်အသင်းက၁၀မှတ်စီ၊ ရန်ကုန်ယူနိုက်တက် အသင်းကကိုးမှတ်၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းက ခုနစ်မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းကခြောက်မှတ်၊ မဟာယူနိုက်တက်အသင်း၊ အား/ကာသိပ္ပံအသင်းနှင့် သစ္စာအားမာန်အသင်းတို့က လေးမှတ်စီ၊ Dagon Port အသင်းကသုံးမှတ်၊ ရာမညယူနိုက်တက် အသင်းကတစ်မှတ်ရထားပြီး ရခိုင်ယူနိုက်တက်အသင်းမှာမူ အမှတ်မရသေးပေ။ ယင်းအသင်းများအနက် ရှမ်းယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့မှာ သုံးပွဲစီသာ ကစားရသေးပြီး ကျန်အသင်းများမှာ လေးပွဲစီကစားထားပြီးဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


