ပွင့်ဖြူ ၁၅ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံတို့မှတစ်ဆင့် မဲဇလီရေလွှဲဆည်သို့ စိုက်ပျိုးရေများ ပို့လွှတ်ပြီး နှစ်စဉ် လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေများဖြန့်ဝေပေးလျက်ရှိရာ ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် နွေစပါးနှင့် နွေသီးနှံ ၆၀ဝ၀ဝ ဧကအတွက် တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်သည် နှစ်စဉ် နိုင်ငံတော်အတွက် လိုအပ်သည့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူသီးနှံဝင်ငွေ တိုးပွားစေရေးအတွက် အထောက်အကူပြုသည့် ရေလွှဲဆည်ကြီးတစ်ခုပင်ဖြစ်ပြီး ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ် ၊ နွေစပါးနှင့် နွေသီးနှံ ရေပေးရာသီတွင်လည်း မဲဇလီရေလွှဲဆည်ရေသောက်စနစ်ဖြင့် ပွင့်ဖြူ မြို့နယ်အတွင်း နွေစပါးသီးနှံ စိုက်ပျိုးဧက ၃၁၀၄၃ ဧက ၊ မင်းဘူးမြို့နယ်အတွင်း နွေစပါးသီးနှံ စိုက်ပျိုးဧက ၉၅၇ ဧက ၊ စလင်းမြို့နယ်အတွင်း နွေစပါးသီးနှံ စိုက်ပျိုးဧက ၂၅၀ဝ ဧက ၊ စုစုပေါင်း နွေစပါးသီးနှံ ၃၄၅၀ဝ ဧက နှင့် ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ၂၁၅၁၃ ဧက ၊ မင်းဘူးမြို့နယ်အတွင်း နွေနှမ်း ၁၉၈၇ ဧက ၊ စလင်းမြို့နယ်အတွင်း နွေနှမ်း ၂၀ဝ၀ ဧက ၊ စုစုပေါင်း နွေသီးနှံ စိုက်ပျိုးဧက ၆၀ဝ၀ဝ ဧက ခန့်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စတင်၍ တောင်သူများ နွေစပါးနှင့် နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်း ထံမှ သိရသည်။
မင်းဘူးခရိုင်အတွင်း မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံ တည်ဆောက်ပြီးချိန်မှစ၍ တောင်သူများ ရာသီအလိုက် သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ရေပိုမိုသိုလှောင်နိုင်ခဲ့ပြီး မဲဇလီရေလွှဲဆည်မှ တစ်ဆင့် နှစ်စဉ် မိုးစပါး ၊ နွေစပါးနှင့် နွေသီးနှံတို့ကို စဉ်ဆက်မပြတ် စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ခဲ့၍ တောင်သူများ သီးနှံစိုက်ဧက ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါ မဲဇလီဆည်ရေသောက် စနစ်ဖြင့် ပွင့်ဖြူ ၊ မင်းဘူး ၊ စလင်းမြို့နယ်များမှ ဒေသခံတောင်သူများ လယ်ယာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ၍ လူနေမှုဘဝမြင့်မားပြီး စားနပ်ရိက္ခာ ဖူလုံစေခြင်း ၊ ဝင်ငွေတိုးတက်စေခြင်း စသည့် အကျိုး ကျေးဇူးများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်၏ အဓိက ရည်မှန်းချက်ဖြစ်သော လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီရေလွှဲဆည်ဖြင့် တစ်ဖက်တစ်လမ်းမှ အကျိုးပြုပေးလျက် ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


