ညောင်ရွှေ စက်တင်ဘာ ၂၃

 

အစဉ်အလာအရ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိသည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးဆူတို့သည် ကျေးပေါခုံဌာနစံကျောင်းတော်တွင် တစ်ညတာ ကိန်းဝပ်အပူဇော်ခံပြီးနောက် ယနေ့နံနက် ၈ နာရီခွဲတွင် ရွှေအင်းတိန်စံကျောင်းတော်သို့ သက်ဆိုင်ရာတာဝန်ရှိသူများက ပင့်ဆောင်၍ ခေတ္တရပ်နားအပူဇော်ခံခဲ့သည်။

 

နေ့ဆွမ်းဆက်ကပ်ပြီးနောက် မွန်းလွဲ ၂ နာရီခွဲတွင် ဒေသထုံးတမ်းအစဉ်အလာများနှင့်အညီ တာဝန်ရှိသူများက ဦးဆောင်၍ ရွှေအင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမဌာန စံကျောင်းတော်သို့ ဆက်လက်ကြွချီပြီး နှစ်ညတာ ကိန်းဝပ်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။

 

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးဆူသည် လာမည့်သီတင်းကျွတ်လဆန်း ၄ ရက် စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီတွင် ဟဲယာရွာမစံကျောင်းတော်မှ ငါးဖယ်ချောင်း ဒေသစံကျောင်းတော်သို့ ဆက်လက်ကြွချီ၍ တစ်ညတာကိန်းဝပ်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ