တီဟီရန် စက်တင်ဘာ ၂၃
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီနှင့် နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ တာဝန်ရှိသူ ရာဖယ်ဂရော်ဆီတို့သည် နယူးယောက်တွင်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေ ညီလာခံပြင်ပတွင် စက်တင်ဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အီရန်သည် နျူကလီးယားအရေးနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်ဆောင်ရွက် ခြင်းဖြစ်ကာ ဆွေးနွေးဖက်များအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အသုံးပြု၍ အီရန်အားဖိအားပေးမည့်အရေးကို မလိုလားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
အီရန်၏ နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီအပေါ် အပြုသဘောဆောင်သည့် ဆောင်ရွက်ချက် များကို အသိအမှတ်ပြုကြောင်းနှင့် သံတမန်နည်းလမ်းများကို အသုံးပြုကာ တင်းမာမှုများ လျှော့ချရေးဆောင်ရွက်ရမည်ဟု ရာဖယ်ဂရော်ဆီက ပြောကြားသည်။ အီရန်၏ အပြုသဘောဆောင်သည့် ရပ်တည်ချက်များကြောင့် မကြာမီက အီရန်နှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကြား ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ရေး သဘောတူညီချက်များရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။ အီရန်နျူကလီးယားစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် အီရန်ပါလီမန်နှင့် အခြေခံဥပဒေကောင်စီတို့က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ အီရန်သည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ရပ်တန့်ခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


