နေပြည်တော် စက်တင်ဘာ ၂၃

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၆ ရက်နှင့် ၉ ရက်တို့တွင် ကော့သောင်းမြို့နယ် ဇီဝဇိုးကျွန်းနှင့် ကျွန်းပြားကြီးကျွန်းအနီးတို့၌ တရားဝင် ငါးဖမ်း ခွင့်လိုင်စင်မရှိသည့်ရေယာဉ်နှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀) ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့အတွင်း၌ ရေယာဉ် နှစ်စင်းပေါ်မှ တရားမဝင် အခြားသစ် ၃၄ ဒသမ ၈၈၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၅၆၃၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ရေယာဉ် နှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၁၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၄၆၆၃၄၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် ၄ ဒသမ ၂၅၀ တန် (ခန့်မှန်းတန်ဖိုးငွေ ၅၇၈၀၅၄ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် တောင်တွင်းကြီး မြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၄၄၄တန် (ခန့်မှန်းတန်ဖိုးငွေ ၃၂၃၈၀၈ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက်မှ ၁၂ရက် အထိ အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ် ငါးစီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၃၀ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့ တွင် မော်လမြိုင်မြို့နယ်အတွင်း၌ ယာဉ် ၁၃ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၂၅ မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၄ မျိုး၊ စိုက်ပျိုးရေးသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၁၉၃၇၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Mini Bus တစ်စီး၊ Toyota Corolla Fielder သုံးစီး၊ Nissan AD Van တစ်စီး၊Toyota Probox နှစ်စီး၊ Mitsubishi Fuso Tractor Head သုံးစီး၊ Man Tractor Head တစ်စီး၊ Nissan Diesel Tractor Head နှစ်စီးနှင့် နောက်တွဲယာဉ် ခြောက်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇၁၉၃၇၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် ဟိုပုံးမြို့နယ်အတွင်း၌ ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၂၂၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး၊ Yutong Mini Bus တစ်စီး၊ Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် ToyotaDyna Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၆၂၅၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် မုတ္တမဆိပ်ကမ်း (လှိုင်သာယာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ် တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၇မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေ ၁၃၆၀၆၈၉၁၆၈ကျပ်) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV.Marina-7 ရေယာဉ် တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၀၄၀၆၈၉၁၆၈ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၃၀ ရက်နှင့် စက်တင်ဘာ ၆ ရက်မှ ၂၁ ရက်အထိ သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၆၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၅၆၁၉၃၇၀) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်