ရန်ကုန် စက်တင်ဘာ ၂၃
၂၀၂၅-၂၀၂၆ ရာသီ MNL-2 (ပထမ တန်း)အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၅) ဒုတိယနေ့ကို စက်တင်ဘာ ၂၃ ရက်က တက္ကသိုလ်ကွင်း၌ ကျင်းပရာ Chinland အသင်းက ကချင်ယူနိုက်တက်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
လက်ရှိချန်ပီယံ Chinland အသင်းသည် ယခုရာသီ၏ လေးပွဲမြောက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ဇယားထိပ်ဆုံး သုံးသင်းအတွင်း ဝင်ရောက်နိုင်ခဲ့သည်။ ကချင်ယူနိုက်တက်အသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ယခုပွဲတွင်လည်း နောက်ကျဂိုးများဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
Chinland အသင်းအတွက် ဦးဆောင်ဂိုးများကို ၃၁ မိနစ်တွင် လှဖုန်းဦး၊ ၅၉ မိနစ်တွင် ပါတို တို့က သွင်းယူပြီး ၃၄ မိနစ်တွင် Hkum Myat နှင့် ၆၃ မိနစ်တွင် ဘုန်းခန့်အောင်တို့က ကချင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးများ ပြန်သွင်းခဲ့သဖြင့် နှစ်ဂိုးစီသရေကျကာ လက်ကျန် မိနစ်များမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ သို့သော် လက်ကျန်မိနစ် ၁၀ မိနစ်ကျော်အတွင်း Chinland အသင်း အနိုင်ဂိုးများ ထပ်မံရရှိခဲ့ပြီး ၈၂ မိနစ်တွင် အန်ဒိုအာ၊ ၉၀၊ ၉၀+၅ မိနစ်တွင် လှဖုန်းဦးတို့က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုပွဲအပြီးတွင် Chinland အသင်းက ငါးပွဲကစား ၁၂ မှတ်၊ ကချင် ယူနိုက်တက်အသင်းက ငါးပွဲကစား ငါးမှတ်ရရှိထားသည်။
ပွဲစဉ်(၅)တတိယနေ့ကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တက္ကသိုလ်ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး Glory Goal အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


