မကွေး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ထူးချွန်သင်တန်းသူ ၁၅ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့် ပေးအပ်သည်။ ထို့နောက် စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။
မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ၂၁ ခု ဆောင်ရွက်၍ သင်တန်းများပေးခြင်း၊ ထူးချွန်သော သင်တန်းသား သင်တန်းသူများ ရွေးချယ်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


