ရန်ကုန် စက်တင်ဘာ ၂၃
၂၀၂၆ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို စက်တင်ဘာ ၂၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် အာဖဂန်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စု ရှစ်ခုမှ ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရ ရှစ်သင်းအနက် အကောင်းဆုံး ခုနစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ရာ အနိမ့်ဆုံး ဒုတိယနေရာရရန် သေချာသလောက်ရှိနေသည့် မြန်မာအသင်းသည် အဖွင့်ပွဲတွင် အနိုင်ရထားသဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးများနေခြင်းဖြစ်သည်။
အုပ်စု (H) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ မြန်မာအသင်းနှင့် အာဖဂန်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် သုံးသင်းပါဝင်သည့် အုပ်စုတွင် ပါဝင်နေသည့်အပြင် အဖွင့်ပွဲတွင် မော်လ်ဒိုက်အသင်းကို ခုနစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး သုံးမှတ်စီရသည့် အာဖဂန်နစ္စတန်အသင်းနှင့် မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းလျက်ရှိသည်။ အာဖဂန်နစ္စတန်အသင်းသည် မြန်မာအသင်းထက် ကမ္ဘာ့အဆင့် ရပ်တည်မှုမြင့်မားသည့်အပြင် ခြေစွမ်းပိုင်းလည်း ပိုမိုကောင်းမွန်သဖြင့် မြန်မာအသင်းသည် အနိုင်ကစားနိုင်ရန် ခက်ခဲသော်လည်း သရေကျပါက အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် တက်ရောက်နိုင်မည်ဖြစ်သည်။ သို့သော် ရှုံးပွဲကြုံတွေ့ပါကလည်း ဂိုးပြတ် မရှုံးပါက အကောင်းဆုံးအုပ်စု ဒုတိယနေရာရ ခုနစ်သင်းစာရင်းဝင်ရန် အခြေအနေကောင်းမည်ဖြစ်သည်။
အုပ်စုရှစ်ခုအနက် အီရတ်၊ ဆော်ဒီအာရေဗျ၊ တရုတ်(တိုင်ပေ)နှင့် ပါကစ္စတန်တို့ ပါဝင်သော အုပ်စု (D) ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ရာ စက်တင်ဘာ ၂၄ ရက်တွင် အုပ်စု ခုနစ်သာ ပြီးဆုံးမည်ဖြစ်ရာ ခြေစစ်ပွဲအောင်မြင်မည့် အသင်းစုံလင်စွာ ထွက်ပေါ် နိုင်မည်မဟုတ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလားဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ၂၀၁၈ နှင့် ၂၀၂၄ ခုနှစ် နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖူးကြောင်း သိရသည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF


