စက်တင်ဘာ ၂၄
အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ အနောက်ဘန်ဂေါပြည်နယ်၏မြို့တော်ဖြစ်သော ကာလကတ္တားတွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ရာ ၎င်းတို့အနက်အများစုသည် ရေကြီးမှုနှင့် ဆက်နွှယ်သော ဓာတ်လိုက်မှုကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ယမန်နေ့နှောင်းပိုင်းက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၂ ရက်ညပိုင်းမှစတင်ကာ ယမန်နေ့ကမနက်ပိုင်းအထိ မိုးများအဆက်မပြတ်ရွာသွန်းခဲ့ရာ မြို့တွင်းရှိနေရာအနှံ့အပြား ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သဖြင့် နေ့စဉ်လှုပ်ရှားသွားလာမှုနှင့် ယာဉ်အသွားအလာတို့ထိခိုက်လျက်ရှိသည်ဟု သိရသည်။
ဆင်ခြေဖုံး ရထားလမ်းနှင့် မြေအောက်ရထား ဝန်ဆောင်မှုများလည်း ထိခိုက်မှုရှိခဲ့သည်။ မြို့တော်၏ မြေနိမ့်ပိုင်းနေရာအများအပြားတွင် ရေများဝင်ရောက်ကာ နေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့သည်။
သေဆုံးသူများအနက် ဓာတ်လိုက်မှုကြောင့် သေဆုံးသူ ကိုးဦးထက်မနည်းရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၄ နာရီအတွင်း မိုးရေချိန် ၂၅၁ ဒသမ ၄ မီလီမီတာရှိရာ လွန်ခဲ့သောနှစ်ပေါင်း ၁၃၇ နှစ်အတွင်း ဆဋ္ဌမမြောက် အမြင့်ဆုံး မိုးရေချိန်ဖြစ်ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဟု မိုးလေဝသဌာန၏ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့သည်ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုကြောင့် ကာလကတ္တားလေဆိပ်တွင် လေကြောင်းပျံသန်းမှုများလည်း ထိခိုက်ခဲ့ကြောင်းနှင့် လေကြောင်းခရီးစဉ် ၆၂ ခု ဖျက်သိမ်းကာ အခြား ၄၂ ခု နှောင့်နှေးခဲ့ပြီး လေကြောင်းလိုင်း ၁၀၀ ကျော် ထိခိုက်မှုရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


