စစ်တွေ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း ရက်ကန်းနှင့် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ထောက်ပံ့

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုဖွင့်လှစ်မည့် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်မှုနည်းပညာ သင်တန်းကို စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရွာကြီးတောင် ရပ်ကွက်၊ လက်ရက်ကန်း ဒီဇိုင်းတီထွင် ဆန်းသစ်မှု နည်းပညာသင်တန်းကို ရွာသာယာ ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းသင်တန်းတစ်ခုလျှင် ထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသူ သင်တန်းသား ငါးဦးကို ရွေးချယ်၍ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်လာနိုင်စေရန် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စီမံကိန်းသင်တန်းများအတွက် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို ပေးအပ်ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကြပြီး ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း(စစ်တွေ)သို့ သွားရောက်၍ သင်တန်းသူများအား ဆရာ ဆရာမများက လက်တွေ့ သင်ကြားပြသနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြကာ စားရိပ်သာအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။  

တင်ထွန်း(ပြန်/ဆက်)