အန်ကာရာ စက်တင်ဘာ ၂၃
ငါးရက်အတွင်း ပြည်နယ် ၁၈ ခု၌ ဆိုက်ဘာရာဇဝတ်မှုနှင့် လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းရာတွင် သံသယရှိသူ ၁၇၀ ခန့် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု တူကီယဲပြည်ထဲရေးဝန်ကြီး အာလီယာလီကာယာ က စက်တင်ဘာ ၂၂ ရက်က ပြောကြားလိုက်သည်။
သံသယရှိသူများသည် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံများ ပိုင်ဆိုင်ခြင်း၊ ဘန်ဂလို အတုအယောင်များ ငှားရမ်းခြင်းများမှတစ်ဆင့် နိုင်ငံသားများအား လိမ်လည်လှည့်ဖြားခြင်း၊ ခွင့်ပြုချက်မရှိဘဲ အကောင့်အသုံးပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများပြုလုပ်ခြင်း၊ ပရိဘောဂများ လိမ်လည်ရောင်းချခြင်းတို့ကဲ့သို့သော အမျိုးမျိုးသော ဆိုက်ဘာရာဇဝတ်ပြစ်မှုများနှင့် အယောင်ဆောင် လိမ်လည်မှုအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။
တခြားသူများမှာ တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ဆောင်ခြင်း သို့မဟုတ် ယင်းကွန်ရက်များနှင့် ချိတ်ဆက်ထားသော ငွေကြေးလွှဲပြောင်းမှုများကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်ခြင်းနှင့် တရားမ၀င် အမြတ်အစွန်းများရရှိရန် မိုဘိုင်းဘဏ်အကောင့်များကို တရားမဝင် ဝင်ရောက်ခြင်းတို့ကိုလည်း ပြုလုပ်သည်ဟု စွပ်စွဲခံထားရကြောင်း ယာလီကာယာက လူမှုမီဒီယာပလက် ဖောင်း X တွင် ပြောကြားခဲ့သည်။
ပြည်နယ် ၁၈ ခုတွင် ဖမ်းဆီးခံထားရသည့် သံသယရှိသူများအနက် ၅၅ ဦးကို တရားဝင်ဖမ်းဆီးထားပြီး ၃၄ ဦးကို တရားစီရင်မှုအောက်တွင် ထားရှိထားကြောင်း၊ ကျန်ရှိနေသည့် အမှုကိစ္စရပ်များကို ဆက်လက်စိစစ်နေဆဲဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ဆက်ပြောသည်။
ရာဇဝတ်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ခန့်မှန်းတားကစ် လိုင်ယာ ၃၄၁ သန်း (အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၄ သန်း) တန်ဖိုးရှိသည့် ကုမ္ပဏီငါးခု၊ လူနေအိမ် ခုနစ်လုံးနှင့် ယာဉ် ၁၀ စီး ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းလည်း ပြောကြားထားသည်။
ဆင်ဟွာ


