စပိန်လာလီဂါပွဲစဉ် (၆) ရဲ့ စက်တင်ဘာ ၂၃ ရက်ညပိုင်း နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗန်တေးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက လီဗန်တေးအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၂၈ မိနစ်မှာ ဗီနီစီးယပ် ဂျူနီယာက တစ်ဂိုး၊ ၃၈ မိနစ်မှာ မာစတန်တူနိုက တစ်ဂိုး၊ ၆၄ မိနစ်(ပင်နယ်တီ)၊ ၆၆ မိနစ်တို့မှာ အမ်ဘတ်ပီကနှစ်ဂိုး သွင်းယူပေးခဲ့ပြီး လီဗန်တေးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၅၂ မိနစ်မှာ အီယန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ယခုဘောလုံးရာသီအတွင်း လာလီဂါသွင်းဂိုး ခုနစ်ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်အရွယ်ရှိ မာစန်တူနိုကတော့ ရီယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ လာလီဂါသွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ လေးဦးမြောက်အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ လီဗန်တေးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် ခြောက်ပွဲမှာ ခြောက်ပွဲစလုံး အနိုင်ရရှိခဲ့မှုနဲ့အတူ ရမှတ် ၁၈ မှတ်ရရှိခဲ့ကာ အမှတ်ပေးဇယား ဒုတိယနေရာက ဘာစီလိုနာအသင်းကို ငါးမှတ်ဖြတ်ကာ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။
လီဗန်တေးအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် ခြောက်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်လေးမှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


