နေပြည်တော် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် က ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပခြင်း၊ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျ စနစ် (MMP) အသုံးပြု ဆောင်ရွက်ခြင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုနည်း ဆိုင်ရာများ၊ ကိုယ်စားလှယ်လောင်းများကို စနစ်တကျ စိစစ်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများ စနစ်တကျခွင့်ပြုရေးနှင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးနှင့် သတင်းရယူခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးနှင့် ကြိုတင်မဲပေးခြင်း၊ မဲရုံတွင်း မဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်များ စနစ်တကျ ထုတ်ပြန်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရေးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များကို စုဖွဲ့သင်တန်းပေး လေ့ကျင့်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက် လာကြသူများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ တောင်ကြီးခရိုင်အတွင်း ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအတွက် (MEVM) မြန်မာ အီလက်ထရောနစ် မဲပေးစက်များ ဖြန့်ခွဲ၊ သယ်ဆောင်အသုံးပြုမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


