ရန်ကုန် စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၉/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားမှုကို ကြည့်ရှုစစ်ဆေးပြီး အဖွင့်အမှာစကား ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုတို့ကို အတည်ပြုပေးခဲ့ရာ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ ပဲအမျိုးမျိုးနှင့် နှမ်း သန့်စင်ကြိတ်ခွဲထုတ် လုပ်ခြင်းလုပ်ငန်းနှင့် ဆန်ထွက် ပစ္စည်းကြိတ်ခွဲသန့်စင် ထုတ်လုပ် တင်ပို့ခြင်းလုပ်ငန်း၊ Mattress နှင့် Foam ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel ချုပ်လုပ်ခြင်း လုပ်ငန်း တို့ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၆၄၇၃ ဒသမ ၈၀၅ သန်း နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၃ သန်းဖြစ်ပြီး ၁၄၆၈ ဦး အတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ၊ တိုးမြှင့်မည့်လုပ်ငန်းနှစ်ခု အပါအဝင် ကုမ္ပဏီ ၂၄ ခု၏ တင်ပြချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 ဇွဲထက်ကို(ပြန်/ဆက်)