တောင်ကြီး စက်တင်ဘာ ၂၄ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ကလောမြို့နယ် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေစန္ဒာမိုးက တစ်ခါသုံးပလတ်စတစ် အပါအဝင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရေးနှင့် သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပြီး ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး ဗီဒီယိုပြသ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

 

ထို့အတူ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကလောမြို့မဈေးနှင့် အောင်ပန်းမြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် ဈေးဝယ်သူများအား အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ Recycle Bag များ ဖြန့်ဝေပြီး အောင်ပန်းမြို့အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် တစ်ခါသုံးပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်းခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

စိုးလင်း(တောင်ကြီး)