ဓနုဖြူ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ ဆရာမများနှင့် အောင်ချက်အကောင်းဆုံးရရှိခဲ့သော ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှဌေးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်သူများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၂ဝ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ ဆရာမ ၂၂ ဦးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်ချက်အကောင်းဆုံးရရှိသော အခြေခံပညာအထက်တန်းနှင့် အထက်တန်းကျောင်းခွဲ ခြောက်ကျောင်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)


