စက်တင်ဘာ ၂၅

တောင်ကိုရီးယားနိုင်ငံတွင် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောင်ရောဂါတို့သည်  ၂၀၂၄ ခုနှစ်တွင် သေဆုံးမှု အများဆုံးဖြစ်စေသည့်အကြောင်းရင်းသုံးရပ်ဖြစ်ကြောင်း စာရင်းအင်းရုံးက ယနေ့တွင် ဖော်ပြသည်။

၂၀၂၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံသား တစ်သိန်းလျှင် ကင်ဆာရောဂါကြောင့် ၁၇၄ ဒသမ ၃ ဦး သေဆုံးခဲ့ပြီး ယခင်နှစ်တွင် ၁၆၆ ဒသမ ၇ ဦး သေဆုံးခဲ့ကြောင်းနှင့် သက်ဆိုင်ရာအချက်အလက်များကို  ၁၉၈၃ ခုနှစ်တွင် စတင်ပြုစုပြီးနောက်ပိုင်း ၎င်းသည် ပထမအဆင့်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

ကင်ဆာကြောင့်သေဆုံးမှုများထဲတွင် အဆုတ်ကင်ဆာကြောင့်သေဆုံးမှုနှုန်းသည် အမြင့်ဆုံးဖြစ်ကာ  လူ တစ်သိန်းလျှင် ၃၈ ဒသမ ၀ ရှိပြီး အသည်းကင်ဆာက ၂၀ ဒသမ ၄၊ အူမကြီးကင်ဆာက ၁၉ ဒသမ ၀၊ ပန်ကရိယကင်ဆာ ၁၆ ဒသမ ၀ နှင့် အစာအိမ်ကင်ဆာ ၁၄ ဒသမ ၁ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးမှု ဒုတိယအများဆုံးမှာ နှလုံးရောဂါဖြစ်ပြီး လွန်ခဲ့သောနှစ်က လူတစ်သိန်းလျှင် သေဆုံးမှုနှုန်း ၆၅ ဒသမ ၇၊ တတိယအများဆုံးမှာ အဆုတ်ရောင်ရောဂါဖြစ်ပြီး သေဆုံးမှုနှုန်း ၅၉ ဒသမ ၀ ဖြစ်သည်။

သေဆုံးရသည့် အကြောင်းရင်း ၁၀ ခုစာရင်းတွင် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ လူတစ်သိန်းလျှင် သေဆုံးမှုနှုန်း ၄၈ ဒသမ ၂ ၊ အယ်လ်ဇိုင်းမားရောဂါ ၂၃ ဒသမ ၉၊ ဆီးချိုသွေးချိုရောဂါ ၂၁ ဒသမ ၇၊ သွေးတိုးရောဂါ ၁၆ ဒသမ ၁၊ အသည်းရောဂါ ၁၅ ဒသမ ၃ နှင့် သွေးအဆိပ်သင့်မှု ၁၅ ဒသမ ၁ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းသည် လူတစ်သိန်းလျှင် သေဆုံးမှုနှုန်း ၂၉ ဒသမ ၁ ရှိရာ ယခင်နှစ်က ၂၇ ဒသမ ၃ ထက် ပိုမိုများပြားခဲ့ပြီး ပဉ္စမနေရာတွင် ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်က သေဆုံးသူစုစုပေါင်း ၃၅၈၅၆၉ ဦး ရှိရာ ယခင်နှစ်ကထက် ၁ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုများပြားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို