ပေါင်းတည် စက်တင်ဘာ ၂၄
ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု ၁၅ အုပ်စုမှ စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ တောင်သူများ၊ စိုက်ပျိုးရေး ဆေးအရောင်း ကိုယ်စားလှယ်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက တောင်သူများ၊ စိုက်ပျိုးရေး သွင်းအားစုရောင်းချသည့် အရောင်း ကုမ္ပဏီများ၊ အရောင်းဆိုင်များ၊ စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်သွယ်မှုပြုနေသူများ၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် စိုက်ပျိုးရေး ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာမာ က ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အင်းဆက် ဖျက်ပိုးများအား ဘက်စုံကာကွယ်ရေး နည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံ ရောဂါများအား ဘက်စုံကာကွယ်ရေး နည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံ ဖျက်ပေါင်းပင်များအား ဘက်စုံကာကွယ်ရေး နည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာစီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုနည်းများနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲရေး အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(lPRD)


