ဖိုးညို (မင်းကင်း)

ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး စီးပွားရေးလုပ်ငန်းကြီးများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မီးခိုးမထွက်သောစက်ရုံ (Smokeless Industry)၊ မျက်မြင်မဟုတ်သော ပို့ကုန် (Invisible Export)၊ စီးပွားရေးတိုးတက်မှု၏ အင်ဂျင် (An Engine of Economic Growth) စသည်ဖြင့် တင်စားခေါ်ဆိုခြင်းခံရသည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။ ဤလုပ်ငန်းသည် အရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုနည်းပါးသဖြင့် စီးပွားရေးလုပ်ငန်းကြီးများမှအစ ကျေးရွာများရှိဈေးသည်များအထိ ဆင့်ပွား အကျိုးသက်ရောက်မှု (Multiplier Effect) ရှိသောလုပ်ငန်းဖြစ်သဖြင့် နိုင်ငံတစ်ဝန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ပါက နိုင်ငံတော်အစိုးရအတွက် သာမက နိုင်ငံသားအားလုံးအတွက်ပါ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများစွာ ရရှိလာနိုင်မည်ဖြစ်သည်။ သို့သော် ခရီးသွားကဏ္ဍအောင်မြင်မှုသည် လျင်မြန်သော်လည်း ရေရှည်မတည်တံ့ပါက သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု၊ ယဉ်ကျေးမှုထိခိုက်မှုနှင့် ဒေသခံလူထု၏ အကျိုးမဖြစ်ထွန်းမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးရန် စဉ်ဆက်မပြတ်ဖော်ဆောင်ရေးသည် အထူးအရေးပါလှပေသည်။ 

ခရီးသွားလုပ်ငန်း အဓိပ္ပာယ်အမျိုးအစားနှင့် ဝန်ဆောင်မှုသဘောတရား 

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခရီးသွားလုပ်ငန်းဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးသည် မိမိအမြဲတမ်းနေထိုင်ရာနေရာမှ အခြားတစ်နေရာသို့ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်အရ သော်လည်းကောင်း၊ စီးပွားရေးအလုပ်ကိစ္စအရ သော်လည်းကောင်း၊ အခြားသောရည်ရွယ်ချက်တစ်ခုခု အရသော်လည်းကောင်း၊ ၂၄ နာရီထက်မနည်း တစ်နှစ်ထက်မကြာသော ခေတ္တခရီးသွားလာခြင်းကို ဆိုလိုပါသည်။

ခရီးသွားလုပ်ငန်းအမျိုးအစားများကို အပန်းဖြေခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း၊ သမိုင်းအမွေအနှစ်များ လေ့လာခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ဘုရားဖူးခရီးသွားလုပ်ငန်း၊ ပွဲတော်များဆိုင်ရာ ခရီးသွားလုပ်ငန်း၊ တရားဘာဝနာအားထုတ်ခြင်း ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ခြင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အစည်းအဝေး၊ ညီလာခံနှင့် ပြပွဲများဆိုင်ရာခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်တန်း ခရီးသွားလုပ်ငန်း၊ အဏ္ဏဝါခရီးသွားလုပ်ငန်း၊ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း၊ အားကစားခရီးသွားလုပ်ငန်း၊ စွန့်စားခရီးသွားလုပ်ငန်းဟူ၍ လူသားတို့၏ စူးစမ်းရှာဖွေလေ့လာလိုမှု လိုအင်ဆန္ဒများအရ ခရီးသွားလုပ်ငန်းအမျိုးအစားများ ကွဲပြားခြားနားသည်ကိုလည်း တွေ့ရှိနိုင်သည်။

ခရီးသွားလုပ်ငန်း၌ ထူးခြားဆန်းပြားသော ဝိသေသများရှိသည်။ ခရီးသွားလုပ်ငန်းသည် သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့် အခြားဆက်စပ်သည့် မတူညီသောအမျိုးအစားများဖြင့် ခရီးသည်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသော ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ ဤသို့ ဝန်ဆောင်မှုပေးရာတွင် ထိတွေ့ကိုင်တွယ်၍ရသောဝန်ဆောင်မှုနှင့် ထိတွေ့ကိုင်တွယ်၍မရသော ဝန်ဆောင်မှုများနှင့် ခရီးသည်ကို အတွေ့အကြုံများစွာပေးစွမ်းသည်။ ထို့ပြင် ဝန်ဆောင်မှုသည် သိုလှောင်၍မရသော ထုတ်ကုန်တစ်မျိုးဖြစ်ပြီး ယနေ့အတွက်ပေးသော ဝန်ဆောင်မှုဟိုတယ်အခန်းလွတ် သို့တည်းမဟုတ် ဖျော်ဖြေရေးသည် နောက်တစ်ရက်တွင် အသုံးမဝင်တော့ပေ။ ထို့ကြောင့် ခရီးသွားဝန်ဆောင်မှုသည် ဝန်ဆောင်မှုပေးသူက ဝန်ဆောင်မှုပေးနေချိန်တွင် ဧည့်သည်က တစ်ပြိုင်နက်ရယူစားသုံးခြင်း သဘောသဘာဝရှိသည်ဟုဆိုနိုင်သည်။

ရေရှည်ဖွံ့ဖြိုးရေးသဘောတရားနှင့် စဉ်ဆက်မပြတ်ဖော်ဆောင်ခြင်း

ရေရှည်ဖွံ့ဖြိုးရေးသဘောတရားကို ၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ ဘရန်တလန်ကော်မရှင်က အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းအား ထိခိုက်မှုမရှိဘဲ လက်ရှိမျိုးဆက်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဤသဘောတရားသည် ခရီးသွားကဏ္ဍအတွင်း စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာမျှတမှုကို ထိန်းသိမ်းကာ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ညွှန်ပြနေသည်။ ထို့အတွက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့က စီးပွားရေးဆိုင်ရာတည်မြဲမှု၊ လူမှုရေးတည်မြဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာတည်မြဲမှုတို့ကို လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။ “စဉ်ဆက်မပြတ် ဖော်ဆောင်ခြင်း” ဆိုသည်မှာ တစ်ချိန်တည်းတွင် အစိုးရ၊ လုပ်ငန်းရှင်၊ ဒေသခံလူထုနှင့် ခရီးသွားများအားလုံး ပူးပေါင်းပြီးဆောင်ရွက်သည့် အကောင်အထည်ဖော်ရေးစီမံချက်ကို ဆိုလိုသည်။ ထို့ပြင် စဉ်ဆက်မပြတ် ဖော်ဆောင်ခြင်းသည် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော အဓိကအချက်တစ်ချက်ဖြစ်သည်။ 

ကမ္ဘာ့ခရီးသွားလုပ်ငန်း

ယနေ့ခေတ် ကမ္ဘာ့ခရီးသွားလုပ်ငန်း အခြေအနေကို လေ့လာကြည့်မည်ဆိုပါက တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာ ခရီးသည် ၁ ဒသမ ၄ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံခန့် ရရှိခဲ့ကြောင်း ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ထို့ပြင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှဝင်ငွေသည် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၁၀ ရာခိုင်နှုန်းရှိပြီး ခရီးသွား လုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်သူဦးရေ ၃၅၇ သန်း ရှိ၍ ကမ္ဘာ့အလုပ်အကိုင်စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ 

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ညွှန်းဆိုချက်

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၇၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် စတင်သတ်မှတ်ခဲ့ကာ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ကမ္ဘာ့စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို အသိအမှတ်ပြုရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ်ဖော်ဆောင်စို့” ဖြစ်သည်။ 

၂၀၂၅ ခုနှစ် UN Tourism ၏ Concept Note တွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် အဓိကအချက်မှာ ထိရောက်သော အုပ်ချုပ်မှုနှင့် အများပါဝင်နိုင်သောစီမံခန့်ခွဲမှု ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းအတွင်း လူငယ်များ တက်ကြွစွာပါဝင်နိုင်ရန် လုံလောက်သော လေ့ကျင့်သင်ကြားမှုများပြုလုပ်နိုင်ရန် အစိုးရနှင့်အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်းပါရှိသည်။ ထို့နောက် ခရီးသွားလုပ်ငန်း၏ စွမ်းအားမြှင့်တင်နိုင်ရန် ဆန်းသစ်တီထွင်မှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိသော မဟာဗျူဟာ လုပ်ငန်းစဉ်များအပေါ်မူတည်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်သောနည်းပညာအသစ်များသည် အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များ ဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် ကြီးမားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း ရေးသားထားသည်။ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံတန်ဖိုးရှိသည့် greenfield FDI စီမံကိန်း ၂၃၀၀၀ ကျော်ရှိကြောင်းပါရှိသည်။ ခရီးသွား ကဏ္ဍ စနစ်တကျရေရှည်ဖွံ့ဖြိုးရန် ထိရောက်သော အုပ်ချုပ်မှု မဟာဗျူဟာရေးဆွဲမှု၊ စဉ်ဆက်မပြတ်စောင့်ကြည့်သုံးသပ်မှု၊ ပေါင်းစည်းညီညွတ်သော လုပ်ဆောင်မှုများဖြင့် ဖော်ဆောင်ပေးနိုင်ကြောင်းနှင့် ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးကို မြှင့်တင် ပေးနိုင်သည့် အင်အားဖြစ်သည့်အပြင် လူမှုအသိုင်း အဝိုင်းကို တက်ကြွစေခြင်း၊ အမြန်ပြန်လည်ထူထောင် ဖန်တီးနိုင်ခြင်း၊ ရေရှည်တည်တံ့သော နောင်အနာဂတ် အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင် သောကဏ္ဍကြီးတစ်ခုဖြစ်ပါကြောင်း ညွှန်းဆို ရေးသားထားသည်။

မြန်မာ့ခရီးသွားဝန်ကြီးဌာန စွမ်းပကား

ပထမဦးစွာ ရှားပါးသောယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်တို့ ကြွယ်ဝခြင်းဖြစ်သည်။ ဒုတိယအားသာချက်မှာ ဘူမိထူးခြားကွဲပြားသော သဘာဝပတ်ဝန်းကျင်ဖြစ်သည်။ တတိယအချက်မှာ ချစ်စဖွယ်လူမှုဓလေ့စရိုက်နှင့် ရိုးရာပွဲတော်များဖြစ်သည်။ ဒေသခံပြည်သူများ၏ ရိုးသားဖော်ရွေမှုနှင့် ရိုးရာလက်မှုပညာများ၊ ဆယ့်နှစ်လရာသီရိုးရာပွဲတော်တို့သည် ခရီးသည်များအား မြန်မာ့အမွေအနှစ်ကို နက်နက်ရှိုင်းရှိုင်းခံစားစေနိုင်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာရှိ ကမ္ဘာ့ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍ၏ အခြေခံအုတ်မြစ်များ ဖြစ်သည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၄၇၁ လုံး၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ပေါင်း ၃၉၁၈ ခု ကို ခွင့်ပြုပေးခဲ့ပြီး ဧည့်လမ်းညွှန် ၅၈၁၆ ဦးကို လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ၎င်းနောက် ပညာရေးကို လက်လှမ်းမမီသောလူငယ်များ၊ အမျိုးသမီးများနှင့် စွန့်ဦးတီထွင်သူများအတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ၄ မျိုးအပါအဝင် ဆက်စပ်သင်တန်းပေါင်း ၅၇၀ ကြိမ်ကို သင်တန်းသား၊ သင်တန်းသူ ၂၆၉၃၀ ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ e-Government ဆိုင်ရာ ဆောင်ရွက်ချက်များဖြစ်သည့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး (ICT Infrastructure)၊ အီလက်ထရောနစ်အသုံးပြု ပြည်သူ့ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး (e-Services) အပြင် နည်းပညာကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး (ICT Capacity Building) အဖြစ် သင်တန်းအမျိုးအစား ၂၅ မျိုးကို သင်တန်းသား သင်တန်းသူ ၂၁၂၇ ဦးဖြင့် သင်ကြားပေးပြီးဖြစ်ပါသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁) ခုတွင် CBT ဖော်ဆောင်လျက်ရှိသော ကျေးရွာစုစုပေါင်း (၅၅) ရွာရှိပြီး လတ်တလော ကာလ၌ သွားလာလည်ပတ်နိုင်သည့် CBT ကျေးရွာ စုစုပေါင်း (၁၄) ရွာရှိပါသည်။

ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO) များကို ၂၀၁၈ ခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါ ခရိုင် (၉၅) ခရိုင်၊ မြို့နယ် (၂၁၀) တွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

ဝန်ကြီးဌာန၏ Promotion & Digital Marketing ဆောင်ရွက်ထားရှိမှုများအနေဖြင့် ခရီးသွားကဏ္ဍနှင့် သတင်းအချက်အလက်များကို ဝန်ကြီးဌာန၏ Website နှင့် Web Portal တွင် ဘာသာစကား (၁၁) မျိုးဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ရိုက်ကူးထားသည့် Video များကို YouTube Channel ဖြစ်သည့် Visit Myanmar Now Channel တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်ကြည့်ရှုနိုင်သည်။ ဝန်ကြီးဌာန၏ Facebook Page၊ အင်စတာဂရမ်၊ တွစ်တာနှင့် Pinterest တို့တွင်ခရီးစဉ် ဒေသဆိုင်ရာ Post များကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ဤတွင်မက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများဖြစ်သော GMS၊ CLMV၊ ACMECS၊ BIMSTEC၊ SASEC၊ ASEAN-China Center ၊ ASEAN-Japan Center နှင့် ASEAN-Korea Center စသည့် အဖွဲ့အစည်းများ၊ ဒေသတွင်း၊ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံ (Bilateral) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ရေရှည်တည်တံ့အောင် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေး

မြန်မာနိုင်ငံသည် သဘာဝအလှတရား၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ စိတ်ဝင်စားဖွယ်အရင်းအမြစ်များ ကြွယ်ဝများပြားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဤအရင်းအမြစ်များမှ ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကိုရယူနိုင်ရန်အတွက် စနစ်တကျနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ပထမဦးစွာ ဂရုပြုဆောင်ရွက်သင့်သည့် အချက်မှာ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးပင်ဖြစ်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ ရှိရင်းစွဲယဉ်ကျေးမှုအသွင်အပြင်ကို ထိခိုက်ပျက်စီးစေခြင်းမရှိစေရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ကျင့်သုံးရမည်။ ထင်ရှားသော ခရီးသွားဆွဲဆောင်ရာနေရာများကို စနစ်တကျစီမံခန့်ခွဲခြင်း၊ သယံဇာတများ အလွဲသုံးစားလုပ်ခြင်းကို တားဆီးခြင်း၊ ဒေသခံကျေးလက်ဒေသများ၏ ရှိရင်းစွဲအသွင်အပြင်ကို ထိန်းသိမ်းရန်အတွက် ခရီးသွားလာရေးဆိုင်ရာ စည်းကမ်းချက်များ ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဒေသခံပြည်သူများကိုလည်း ၎င်းတို့၏ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းရာတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပညာပေးခြင်းနှင့် စီးပွားရေးအရ မြှင့်တင်ပေးခြင်းများ ပြုလုပ်သင့်ပါသည်။

နောက်ထပ်အရေးကြီးသော အချက်တစ်ခုမှာ စီမံခန့်ခွဲမှုဆိုင်ရာနည်းပညာများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။ ခေတ်မီသောဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း၊ ခရီးသွားဧည့်သည်များ၏ အတွေ့အကြုံကို မြှင့်တင်ပေးနိုင်မည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအသုံးပြုဆောင်ရွက်၍ Smart Tourism ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်ရန် စီမံဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းမှရရှိသော အကျိုးအမြတ်များသည် ဒေသခံအသိုက်အဝန်းများထံသို့ ရောက်ရှိစေရန် ဒေသခံလုပ်ငန်းငယ်များကို ပံ့ပိုးကူညီခြင်း၊ ဒေသထွက်ကုန်များကို ခရီးသွားလုပ်ငန်း၌ ပေါင်းစပ်အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။ နောက်ဆုံးအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်ရန်လိုအပ်ပါသည်။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းစသည့် စျေးကွက်အသီးသီးအတွက် သီးသန့်ဗျူဟာများချမှတ်ရမည်။ ခရီးသွားလုပ်ငန်းဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးခြင်း၊ ဝန်ဆောင်မှုစံချိန်စံညွှန်းများ မြှင့်တင်ပေးခြင်းနှင့် ဒေသခံများအား ခရီးသွားလုပ်ငန်းတွင် ပါဝင်နိုင်ရန် အခွင့်အလမ်းများဖန်တီးပေးခြင်းတို့သည် ခရီးသွားကဏ္ဍ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သင့်သည့် အချက်များပင် ဖြစ်ပါသည်။ 

နိဂုံး

ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးဆိုသည်မှာ ရွေးချယ်စရာတစ်ခုမဟုတ်တော့ဘဲ ကျွန်ုပ်တို့ အားလုံး၏ တာဝန်ဝတ္တရားတစ်ရပ် ဖြစ်လာပြီဖြစ်သည်။ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဟူသော ခြေတိုင်သုံးခုအပေါ်တွင် ဟန်ချက်ညီစွာ ရပ်တည်နိုင်မှသာ ခရီးသွားကဏ္ဍသည် “စစ်မှန်သော ပျော်ရွှင်မှုလုပ်ငန်း” ဖြစ်လာမည်ဖြစ်ပြီး လက်ရှိမျိုးဆက်အတွက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ လှပသောကမ္ဘာကြီးကို ဆက်လက်ထိန်းသိမ်းပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အစိုးရ၊ လုပ်ငန်းရှင်များ၊ ခရီးသွားများနှင့် ဒေသခံလူထုအားလုံးသည် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။