စက်တင်ဘာ ၂၅

ကမ္ဘောဒီးယားနိုင်ငံ၏သုံးရက်ကြာကျင်းပသော ရိုးရာ Pchum Ben ပွဲတော်ရက် ပြီးဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ခရီးသွားနေရာ အသီးသီးသို့ ခရီးသွား ၂ ဒသမ ၁၄ သန်း လာရောက်ခဲ့ကြောင်း ခရီးသွားလာရေး ဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Pchum Ben ပွဲတော်သည် ကမ္ဘောဒီးယားနိုင်ငံ၏အရေးပါဆုံး ရိုးရာဗုဒ္ဓဘာသာပွဲတော်များအနက်မှတစ်ခုဖြစ်ပြီး သေဆုံးသွားသော မိသားစုဝင်များအတွက် ဂါရဝပြုခြင်းနှင့် ဂုဏ်ပြုခြင်းအနေဖြင့် ကျင်းပသောပွဲတော်ဖြစ်သည်။ ပွဲတော်ရက်သုံးရက်တွင် ဆွမ်းကပ်လှူခြင်း၊ ဘုန်းတော်ကြီးများအား လှူဒါန်းခြင်းနှင့်  မိဘဘိုးဘွားများအား ဂုဏ်ပြုဆုတောင်းခြင်းတို့ကို ပြုလုပ်သည်ဟု သိရသည်။

အဆိုပါလာရောက်သည့်ခရီးသွားများအနက် ၂၄၄၄၃ ဦးသည် နိုင်ငံတကာခရီးသွားများဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုပွဲတော်အားလပ်ရက်အတွင်း အကျော်ကြားဆုံးနေရာများသည် စီရမ်ရိ၊ ဗတ်တန်ဘောင်၊ ပုရသီဟနု၊ ကမ္ပုံဂျမ်၊ ကမ္ပုံချနန်ပြည်နယ်များဖြစ်သည်ဟု ထပ်လောင်းဖော်ပြထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က Pchum Ben ပွဲတော်သည် နိုင်ငံ၏ လှပသောယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရန် မျိုးဆက်သစ်လူငယ်များအတွက် အလွန်အရေးပါသော ပွဲတော်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Pchum Ben ပွဲတော် သို့မဟုတ် ဘိုးဘွားများနေ့သည် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိဖြစ်ပြီး ဧပြီလနှစ်သစ်ကူးပွဲတော်ပြီးလျှင် ဒုတိယအကြီးဆုံးပွဲတော်ဖြစ်သည်။

ထိုပွဲတော်ရက်အတွင်း ဗုဒ္ဓဘာသာဝင်များသည် ဘုရားစေတီများသို့သွားရောက်ကာ ကွယ်လွန်သွားသော ၎င်းတို့၏ မိဘဘိုးဘွား၊ ဆွေမျိုးသားချင်းများအား ရည်စူး၍ သံဃာတော်များအား ဆွမ်း၊ အချိုရည်၊ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် အလှူငွေများ လှူဒါန်းခြင်းတို့ပြုလုပ်ကြသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို