စက်တင်ဘာ ၂၅
ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက တိုင်ဖွန်းမုန်တိုင်း ဘူအာလိုးချဉ်းကပ်လာချိန်တွင်ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် နိုင်ငံမြောက်ပိုင်း ကွမ်နင်းပြည်နယ်မှ တောင်ပိုင်း အန်ဇီယန်ပြည်နယ်အထိ ပြည်နယ်နှင့် မြို့ပေါင်း ၂၁ မြို့ကို ယမန်နေ့ကတိုက်တွန်းပြောကြားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ဘူအာလိုးသည် တိုင်ဖွန်းမုန်တိုင်း ရာဂါဆာပြီးလျှင် ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့တိုက်ခတ်သည့် ၁၀ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဝန်ကြီးဌာနသို့ ပုံမှန်အစီရင်ခံတင်ပြစဉ်တွင် လူနှင့်ပစ္စည်းများ ဘေးကင်းစေရန်အတွက် ခန့်မှန်းချက်များကို အနီးကပ်စောင့်ကြည့်ရန်၊ ငါးဖမ်းရေယာဉ်များအား ခိုလှုံရာနေရာရှာရန်၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ စုဆောင်းထားရန် ဒေသဆိုင်ရာအာဏာပိုင်များအား ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


