ရန်ကုန်     စက်တင်ဘာ     ၂၅

အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ်  အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို    ယနေ့ နံနက်   ၉   နာရီတွင်   ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ  အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)   သုဝဏ္ဏ ပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ   အိုလံပစ်ကော်မတီ  ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့်  နိုဝင်ဘာလအတွင်း   အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ ၁၃ ရက်မှ  ၁၇ ရက်အထိ (AFC)  U-17 Women’s Asian  Cup China2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ  ၁၄  ရက်တွင် (AFC)   Asian  Cup  Saudi  Arabia  2027 Qualifiers  ပြိုင်ပွဲ၊ နိုဝင်ဘာ ၉ ရက်မှ  ၁၅ ရက် အထိ  Asian  Women’s Cham-pions   League  (AWCL)  2025 Group  Stage ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၂  ရက်မှ  ၃၀ ရက်အထိ   AFC  U-17 Asian Cup  Saudi  Arabia  2026 Qualifiers ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါကြောင်း၊ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက်   ပိုမိုဂရုစိုက်ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင် စားသောက်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့ကို  သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာ  လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနနှင့်    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ  ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးစေလိုပါကြောင်း  ပြောကြားသည်။

ဆက်လက်၍     မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  စီမံရေးရာနှင့် လုံခြုံရေးဌာန တာဝန်ခံက  Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြသပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့်    ဌာနဆိုင်ရာများမှ    တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။

ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Asian  Women’s Champions  League (AWCL) 2025 Group  Stage ပြိုင်ပွဲ  ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို    ထပ်မံဖြည့်စွက်ပြောကြားပြီး    ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်