နေပြည်တော်   စက်တင်ဘာ   ၂၅         

(၃၃) ကြိမ်မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်    ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများအတူ   သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌   (အမျိုးသား/ အမျိုးသမီး) ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ၊     သုံးယောက်တွဲ၊ လေးယောက်တွဲ   အသင်းလိုက် လေ့ကျင့်နေမှုနှင့်  ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ အရှိန်အဟုန်မပြတ်     ကြိုးစားလေ့ကျင့်နေမှုတို့ကို     ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက  အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအနေဖြင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိအောင်  ဂရုစိုက်လေ့ကျင့်ရန်လိုကြောင်း၊   မိမိတို့ လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် အကျိုးရှိရှိပြန်လည်အသုံးချ၍ ယှဉ်ပြိုင်နိုင်စေရန်အတွက် ယခုအချိန်ကတည်းက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန် လိုကြောင်း မှာကြားသည်။

ထို့နောက်    ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်   ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ (A/B/C)ရုံများ၏ အတွင်းအဆောက်အအုံပိုင်းနှင့် ရေလိုင်း၊ မီးလိုင်းပြန်လည်ပြုပြင်နေသည့်အခြေအနေကို   ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးနှင့်စပ်လျဉ်း၍   မှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်