နေပြည်တော် စက်တင်ဘာ ၂၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများဖြစ်သည့် ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရ ကျောင်းသားနှင့် သင်တန်းထူးချွန်ဆုရ ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစောနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသားမိဘများ၊ သင်တန်း ထူးချွန်ဆုရ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆု ရရှိကြသူများသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝမှု တို့ကြောင့် ထိုက်တန်သည့် ဆုများကို ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့် သူများဖြစ်သည့်အတွက် အသိပညာ ဗဟုသုတ မြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း။

ထို့ပြင် နိုင်ငံတော်က ဖွင့်လှစ်သည့် သင်တန်းအသီးသီးတွင် တက်ရောက်ပြီး ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်မှာ ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သည့် “လူငယ်များ၏အားဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ထူးချွန် ထက်မြက်သည့် လူငယ်များကို အစဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းပညာရေး သာမက နည်းပညာခေတ်ဖြစ်သည့် အတွက် သုတေသနအခြေပြု လေ့လာမှုများမှ တစ်ဆင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးလာစေရေး ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း။

ပြောကြား

ယနေ့ခေတ်မှာ လူမှုကွန်ရက်နှင့် မီဒီယာများ အသုံးပြုမှု များပြားလာသည်နှင့်အညီ သတင်းတု၊ သတင်းမှားများကို အသိ၊ သတိ၊ ဉာဏ်ပညာဖြင့် ဆင်ခြင်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ စရိုက်များ မှေးမှိန်ပျောက်ကွယ် မသွားအောင် ထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း၊ အနာဂတ်ကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးကိုလည်း အထူးသတိပြု ရှောင်ကြဉ်ကြရန်နှင့် ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကိုယ်လက်လှုပ်ရှား အားကစားကို လေ့လာလိုက်စား ကြစေလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ဒီထက်မက ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ၊ ထူးချွန်သည့် ဝန်ထမ်းကောင်းများအပြင် နိုင်ငံတော်ကကျင်းပသည့် ပြိုင်ပွဲများတွင်လည်း စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ထူးချွန်ဆုများရရှိအောင် ဆက်လက်ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ငါးဘာသာဂုဏ်ထူးရှင် သုံးဦးနှင့် လေးဘာသာဂုဏ်ထူးရှင် လေးဦးတို့ကို လည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက သုံးဘာသာဂုဏ်ထူးရှင် ခြောက်ဦး တို့ကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ သုံးထပ်ကွမ်း လူရည်ချွန်ဆု ရရှိခဲ့သည့် ကျောင်းသားနှင့် ထူးချွန် ဝန်ထမ်းများအား တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာသင်ချီးမြှင့်ငွေများကိုလည်း ပေးအပ်ချီးမြှင့်ကြရာ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဝန်ထမ်းများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည့်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်