နေပြည်တော် စက်တင်ဘာ ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံ၌ မျက်စိစမ်းသပ် ခွဲစိတ်ကုသမှု ခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် သိန်း ၃၀ ကို မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ရောဂါအထူးကုဆေးရုံ ဆေးရုံအုပ်ကြီးထံ ပေးအပ်လှူဒါန်းသည်။
ပြည်ထောင်စုဝန်ကြီးသည် သဲဖြူဆရာတော်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုနှင့် စက္ခုအလင်းကျန်းမာရေးကုသိုလ်ပြု အလှူရှင်များ၏ လှူဒါန်းမှုဖြင့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီးမှ ပါမောက္ခ(မျက်စိ)နှင့် မျက်စိအထူးကု ဆရာဝန်ကြီးများက မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးပြီးသော လူနာ ၃၆ ဦးအတွက် ပါဝါ ဒီဂရီမျက်မှန်များကိုလည်းကောင်း၊ ဆေးရုံပြင်ပ လူနာဌာနတွင် မျက်စိခွဲစိတ်ကုသပြီးသော လူနာ ၅၀ အတွက် နေကာမျက်မှန်များကိုလည်းကောင်း၊ မျက်စိဝေဒနာရှင် ၂၈၆ ဦးအတွက် စက္ခုငါးပါး ဘုရားရှိခိုး ဂါထာတော်များ၊ ထမင်းဘူးနှင့် သောက်ရေသန့်ဘူးများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


