စက်တင်ဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ယမန်နေ့က အားပြင်းသောအပူပိုင်းမုန်တိုင်းဘူအာလိုး ဆက်လက် ဝင်ရောက်တိုက်ခတ်မှုကြောင့် လေးဦးထက်မနည်းသေဆုံးကြောင်း နိုင်ငံ၏ပြည်သူ့ကာကွယ်ရေးရုံး ( အိုစီဒီ )က ယနေ့တွင် ပြောကြားသည်။
နိုင်ငံအလယ်ပိုင်း အိုစီဒီ ဒေသဆိုင်ရာဒါရိုက်တာက Eastern Samar ပြည်နယ်မှ တံငါသည်ငါးဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ ၎င်းတို့အားလုံး စက်တင်ဘာ ၂၃ ရက်က ငါးဖမ်းထွက်သွားပြီးနောက် ယမန်နေ့ကအထိ ပြန်ရောက်လာခြင်းမရှိသေးကြောင်း ပြောကြားသည်။
ဘူအာလိုးမုန်တိုင်းသည် နိုင်ငံအလယ်ပိုင်းတွင် လေတိုက်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၁၁၀ ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၃၅ ကီလိုမီတာဖြင့် တိုက်ခတ်ခဲ့သည်ဟု မိုးလေဝသဗျူရို ပါဂါဆာက ဆိုသည်။
မကြာသေးမီသီတင်းပတ်များက ရာဂါဆာနှင့် ဘူအာလိုးအပါအဝင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း သုံးခုနှင့် အနောက်တောင်မုတ်သုံလေတိုက်ခတ်မှုတို့ကြောင့် ၁၄ ဦး သေဆုံးကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် မိသားစု စုစုပေါင်း ၃၀၃၅၃၇ စု သို့မဟုတ် ၁၂၁၂၇၁၂ ဦး ထိခိုက်မှုရှိပြီး ဘူအာလိုးမုန်တိုင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်မှ ထွက်ခွာမည်ဟု ထင်ရကြောင်း ဖော်ပြထားသည်။
ပျမ်းမျှအားဖြင့် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်လေ့ရှိပြီး မကြာခဏ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများနှင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုများ ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


