ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်း ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ တစ်နှစ်လျှင် လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးနေရခြင်းကို ၂၀၃၀ ပြည့်နှစ်တွင် “သုည” အထိလျှော့ချနိုင်ရေး Zero Rabies Human Death by 2030 ကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ခွေးရူးကိုက်ခံရမှု နှစ်သိန်းခန့်ရှိပြီး သေဆုံးသူ ၇၀ မှ ၈၀ ခန့်အထိ ရှိနေသည်။သို့ဖြစ်ရာ ခွေးရူးပြန်ရောဂါသည် မိမိတို့နိုင်ငံတွင်လည်း ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုသဖွယ် ဖြစ်ပေါ်နေခြင်း ဖြစ်သည့်အတွက် ခွေးများတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန် အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ အာရှနှင့် အာဖရိက နိုင်ငံများရှိ ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများတွင် ခွေးရူး ရောဂါကြောင့် ထိခိုက်မှုပိုမိုဖြစ်ပွားလျက်ရှိရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် မိမိတို့နိုင်ငံအနေဖြင့် ကျေးလက်နေပြည်သူများအား ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးမှုများနှင့် ကာကွယ်ပေးမှုများ ပိုမိုဆောင်ရွက်သွားကြရမည် ဖြစ်သည်။
ခွေးရူးရောဂါသည် Rhabdo ခေါ် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ခွေးများတွင်သာမက ကြောင်၊ ဝက်၊ သိုး၊ ဆိတ်၊ နွား စသည့်အိမ်မွေးတိရစ္ဆာန်၊ မွေးမြူရေးတိရစ္ဆာန်များ၊ မြေခွေး၊ တောခွေး၊ ဝံပုလွေ၊ ခွေးအ စသည့်တောရိုင်း တိရစ္ဆာန်များနှင့် လင်းနို့ကဲ့သို့သော သတ္တဝါများတွင် အဆိုပါဗိုင်းရပ်စ်ကို သယ်ဆောင်ထားနိုင်သည်။ ခွေးရူးပြန်ရောဂါပိုး ရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ခွေးရူးပြန်ရောဂါပိုးရှိသည့် တိရစ္ဆာန်၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူး ပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် မျက်ကြည်လွှာနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအား အစားထိုးကုသမှုခံယူခြင်းတို့မှ ခွေးရူးပြန်ရောဂါကူးစက်မှု ဖြစ်ပွားနိုင်သည်။
ခွေးရူးပြန်ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်များသည် ဒေါသအလွန်ကြီးပြီး ကိုက်တတ်ခြင်း၊ တုတ်ချောင်း၊ အမှိုက်စ၊ စက္ကူစတို့ကို စားခြင်း၊ ဦးတည်ရာမဲ့ ပြေးလွှားသွားနေခြင်း၊ အသံအက်ဖြင့်အူခြင်း၊ ဟောင်ခြင်း၊ သွားရည်တစီစီကျနေခြင်း၊ အမြီးကုတ်ခြင်း စသည့်လက္ခဏာများ တွေ့ရနိုင်သည်။ စစ်တမ်းတစ်ရပ်အရ လူများတွင် ဖြစ်ပွားသည့် ခွေးရူးရောဂါ၏ ၉၉ ရာခိုင်နှုန်းကျော်မှာ ခွေးကိုက်ခံရခြင်းကြောင့်ဖြစ်ရာ ခွေးကိုက်မခံရအောင် သတိပြုကြရန်လိုသည်။
ခွေးရူးရောဂါသည် ကြိုတင်ကာကွယ်၍ရသော ရောဂါဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုမပြုခြင်းနှင့် အချိန်လွန် နောက်ကျပြီးမှ ကာကွယ်ခြင်းတို့ကြောင့် ကူးစက်ဖြစ်ပွားလျှင်မူ ရာနှုန်းပြည့် သေစေနိုင်သော ရောဂါဖြစ်သည်။ သို့ဖြစ်ရာ အိမ်မွေးခွေးနှင့် ကြောင်များကို တိရစ္ဆာန်ဆေးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း၊ ခွေး၊ ကြောင် တိရစ္ဆာန်များနှင့် အနီးကပ်ကိုင်တွယ်သူများအား ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင် ထိုးနှံခြင်း၊ လမ်းဘေးလေလွင့်ခွေး၊ ကြောင်များကိုက်ခြင်း၊ ကုတ်ခြင်းခံရပါက မပေါ့ဆဘဲ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံခြင်းတို့ကို ဂရုတစိုက်ဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်။
ကမ္ဘာတစ်ဝန်း၌ ခွေးရူးရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကိုးမိနစ်တိုင်းတွင် လူတစ်ဦးကျအသက်ဆုံးရှုံးနေရခြင်းမှာ အမှန်တကယ် ကာကွယ်ဆောင်ရွက်ခြင်းအားဖြင့် လူတစ်ဦးမျှသေဆုံးခြင်းမရှိအောင် ကာကွယ်နိုင်သည်။ မိမိတို့၏ အိမ်မွေးခွေးများကို ကာကွယ်ဆေးထိုးခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်နည်းများကို သိရှိလိုက်နာဆောင်ရွက်ခြင်း၊ အခြားသူများနှင့် မိမိ၏အသိုင်းအဝိုင်းကိုလည်း လှုံ့ဆော်ခြင်းနှင့် အသိပညာဖြန့်ဝေခြင်း၊ ခွေးရူးပြန် ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် ပါဝင်အားဖြည့်ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့နိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ ခွေးရူးရောဂါကြောင့် သေဆုံးရသူတစ်ဦးတစ်ယောက်မျှ မရှိစေရေး ဝိုင်းဝန်းကူညီ တွန်းအားပေးဆောင်ရွက်ကြပါရန် စက်တင်ဘာ ၂၈ ရက်တွင် ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ကို ကြိုဆို၍ နှိုးဆော် တိုက်တွန်းအပ်ပါကြောင်း။


