ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိခဲ့သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရုရှားနိုင်ငံမော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတအနေဖြင့် ရုရှားနိုင်ငံမော်စကိုမြို့ရှိ Atom Museum ၌ စက်တင်ဘာ ၂၅ ရက်ကကျင်းပသော ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်၏ “နည်းပညာသစ် မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးရာတွင် “မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ROSATOM နှင့်နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အခြေခံအဆောက်အအုံများနှင့် အခြားကဏ္ဍပေါင်းစုံ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက် အကူအညီပေးပါရန် အလေးအနက်ထားမေတ္တာရပ်ခံအပ်ပါကြောင်း” ပြောကြားခဲ့သည်။

 

အလားတူ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကူအညီပေးရန်လည်း အလေးအနက် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ကမ္ဘာ့အဏုမြူ သီတင်းပတ်ကို တက်ရောက်လာကြသည့် နိုင်ငံများနှင့်လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့် ပတ်သက်သည့် သင့်လျော်ရာ Sector များ၌လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း” ယာယီသမ္မတ က ပြောကြားခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

 

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) သည် ပြည်တွင်း နျူကလီးယား စက်မှုလုပ်ငန်း၏ နှစ်(၈၀) ပြည့် အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်းမြှင့်တင်ရန် ရည်ရွယ်ပြီး World Atomic Week Forum 2025 ကို စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပြပွဲကျင်းပရေးစင်တာတွင် ကျင်းပခြင်းဖြစ်သည်။ World Atomic Week 2025 ဖိုရမ်တွင် နျူကလီးယားအစီအစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံများမှခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင် ပညာရှင်များ၊ ကုမ္ပဏီအကြီးအကဲများ၊ CIS၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းဆောင်များ၊ နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ သန့်ရှင်းသော စွမ်းအင်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သော ပတ်ဝန်းကျင်၊ စက်မှုဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာအကြောင်းအရာများကို ဆွေးနွေး ကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နျူကလီးယားစွမ်းအင် အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းမှတ်တိုင်သုံးခု၊ လုပ်ငန်းအဆင့်သုံးခုတို့ဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ROSATOM Timeline အတိုင်း ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ(IAEA) အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီအနေဖြင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အခြေခံ အဆောက်အအုံများ မြှင့်တင်ပေးခြင်းတို့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင်ပါဝင်စေခြင်း၊ နည်းပညာ ဆိုင်ရာ သင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝန်း မြှင့်တင်ရန်ရည်ရွယ်၍ ပြုလုပ်လျက်ရှိသော အစီအစဉ်များတွင် နျူကလီးယား နည်းပညာပိုင်ဆိုင်သည့် နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ယခင်ထက်ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။