နေပြည်တော် စက်တင်ဘာ ၂၇

 

စက်တင်ဘာ ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် (၁၂၁/၂၀-၂၁)ကြားရှိ  ရထားသံလမ်းအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားသဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းအကြား ရထားလမ်းပိုင်းအား ယနေ့နံနက်ပိုင်းတွင် ယာယီပိတ်ထားရကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်း စစ်ဆေးဆောင်ရွက်ရာတွင် မိုင်းဒဏ်ကြောင့် အရှေ့ဘက်ရထားသံလမ်းသည် တစ်ပေခွဲခန့်တစ်နေရာ ပြတ်တောက်ခြင်း၊ ယင်းနေရာနှင့် သုံးပေခန့်အကွာ တစ်နေရာတွင် သံလမ်းဖိနပ် တစ်ပေခွဲခန့် ပြတ်ထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ရထားလမ်းပျက်စီးခဲ့ကြောင်း သိရသည်။

 

မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြတ်တောက်သွားသော သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နံနက် ၁၀ နာရီ ၁၀ မိနစ်မှ စတင်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြုပြင်ပြီးစီးသဖြင့် သိမ်ဆိပ်-ဒုံဝန်း ရထားလမ်းပိုင်းအား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ်၌ ပြန်လည် ဖွင့်လှစ်၍ ရထားများ  ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် မော်လမြိုင်မှ အချိန်မှန်ထွက်ခွာလာသည့် ခရီးသည် ၄၀၁ ဦးပါရှိသော အမှတ်(၈၂) အစုန် လူစီး အမြန်ရထားသည် ယနေ့ နံနက် ၁၀ နာရီ ၃၂ မိနစ် အချိန်တွင် သထုံဘူတာသို့ ရောက်ရှိ ရပ်နားထားခဲ့ရပြီး နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရသဖြင့် ရထားစီး ပြည်သူ လူထုအနေဖြင့် ၄၅ မိနစ် ခန့် ကြန့်ကြာမှုကြုံတွေ့ခဲ့ရသည်။

 

mdn

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း ၈၂ ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း ၁၇၈ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန် ဖျက်ဆီး နေကြခြင်း ဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက် အအုံများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေးနှင့် ရထားပို့ဆောင်ရေး စနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက် ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်