အစ္စလာမာဘတ် စက်တင်ဘာ ၂၇
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပြည်သူ ၄ ဒသမ ၂ သန်းကျော် ထိခိုက်ခံစားရပြီး တောင်ပိုင်းခရိုင်များတွင် အဆိုးရွားဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၈ ရက်မှ ၁၈ ရက်အထိ ပြည်နယ်အစိုးရနှင့် ပူးပေါင်းပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ရေဘေးသင့် ခရိုင် ၁၈ ခုနှင့် ကျေးရွာပေါင်း ၂၀၀၀ နီးပါးရှိကြောင်း ဖော်ပြထားသည်။ အိမ်ခြေ ၁၆၁၇၀၀ ခန့် ပျက်စီးကာ လူပေါင်း ၂ ဒသမ ၈ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကျန်းမာရေးနှင့် ပညာရေး အခြေခံ အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်းသိရသည်။
ဇွန် ၂၆ ရက်မှ စက်တင်ဘာ ၁၉ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်းသုံးသန်းခန့်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပါကစ္စတန်အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်များ က ပြောကြားသည်။
ရေကြီးမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများအတွက် လျော်ကြေးငွေ ရူပီးတစ်သန်းမှ နှစ်သန်း (အမေရိကန်ဒေါ်လာ ၇၀၀၀ ခန့်) ပေးအပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ရှာရစ်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


