ဒေါက်တာရင်ရင်နွယ်
နေပြည်တော်၏ ရုံးများနှင့်လမ်းများ စီစဉ်တည်ဆောက်ထားပုံသည် လှပခံ့ညားကြောင်း နိုင်ငံတကာ ဧည့်သည်များပင်လျှင် ကျွန်မကိုပြောဖူးသည်။ အထူးသဖြင့်ဇေယျသိဒ္ဓိရပ်ကွက်ရှိ လွှတ်တော် အဆောက်အအုံများ၊ နိုင်ငံတော်သမ္မတအိမ်တော်၊ ဝန်ကြီးများအိမ်ရာ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ အိမ်ရာများကို ဆက်ထားသောလမ်းမကြီးသည် ပလက်ဖောင်းများ၊ ရေနုတ်မြောင်းများဖြင့် သပ်ရပ်စွာရှိနေသည်။ ထိုလမ်းမကြီးနှင့် လမ်းခွဲများ၏ တစ်ဖက်တစ်ချက်တွင် စိမ်းလန်းစိုပြည်၍ ရာသီအလိုက် ပန်းအမျိုးမျိုးပွင့်သည့်ချုံပင်များနှင့် သစ်ပင်များကို စိုက်ထားသည်။ ပန်းအသီးသီးပွင့်မည့် ရာသီများကို တွက်ချက်ပြီး အချိန်အလိုက် တစ်မျိုးပြီး တစ်မျိုးပွင့်စေရန် စီမံစိုက်ပျိုးထားသည်မှာ ချီးကျူးစရာဖြစ်ပါသည်။ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက်လည်း ကြည်နူးစရာဖြစ်ပါသည်။ ကျွန်မသည် ပန်းနှစ်သက်သူတစ်ဦးဖြစ်သည့် အလျောက် ဤကဲ့သို့ လှပနေသောပတ်ဝန်းကျင်၌ နေထိုင်နိုင်သည်ကို ကျွန်မအတွက် ဆုတစ်ဆုဟု မြင်ပါသည်။
မြန်မာပြည်၏ ပန်းဥယျာဉ်မြို့တော်
နေပြည်တော်သို့ ရောက်လာခါစ၊ ဆောင်းရာသီကုန်ခါနီး နွေရာသီအစ၌ ပွင့်နေသောပန်းများ၊ သစ်ပင်များကို ကျွန်မကိုယ်တိုင် စာရင်းကောက်ခဲ့ရာ နှစ်ကီလိုမီတာအရှည်ရှိသော လမ်းကြောင်း၏ ဝဲ၊ ယာတစ်ဖက်တစ်ချက်တွင် အရောင် သို့မဟုတ် အမျိုးအစားကွဲပြားသော ပန်းပေါင်း ၁၅ မျိုးမက ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ယနေ့အထိ သစ်ပင်များနှင့် ပန်းပင်များကို ကြိုးစားပန်းစား ထိန်းသိမ်းပြုစုပျိုးထောင်နေသော နေပြည်တော်စည်ပင်သာယာရေး ကော်မတီကြောင့်လည်း နေပြည်တော်ကို “မြန်မာပြည်၏ ပန်းဥယျာဉ်မြို့တော်” ဟူ၍ပင် ခေါ်ဝေါ်နိုင်သည်ဟု ကျွန်မ ယုံကြည်ပါသည်။
သို့သော်ငြားလည်း စည်းကမ်းမရှိသော ဝန်ထမ်းမိသားစုအချို့၏ အပြုအမူများကြောင့် နိုင်ငံတော်၏ မျက်နှာစာဖြစ်သည့် လမ်းမကြီးအပါအဝင် လမ်းခွဲများသည် သာယာကြည်နူးဖွယ် မဟုတ်တော့ဘဲ ခွေးလေခွေးလွင့် တစီစီဖြင့် မြင်၍မသင့်တော်သောမြင်ကွင်းများ ဖြစ်နေပါသည်။
ထိုသူတို့၏ မိသားစုဝင်များနှင့် အိမ်ဖော်များက ပုံးကြီးပုံးငယ်၊ ကြွပ်ကြွပ်အိတ်များဖြင့် ထမင်းဟင်းနှင့် အခြားအစာများကို သယ်ဆောင်လာ၍ လမ်းပလက်ဖောင်းများပေါ်တွင် ခွေးလေခွေးလွင့်များအား ထမင်းဟင်းများကို ဗြဲလရမ်း ပြန့်ကျဲ ချကျွေးနေကြသည်။ ကျန်းမာရေးအတွက် လမ်းလျှောက်နေသော အခြားဝန်ထမ်းများကိုပင် အားနာရမှန်းမသိ။ မိမိကိုယ်ကို ကုသိုလ်ကောင်းမှု လုပ်နေသည်ဟူ၍သာ ကျေနပ်နေကြသည်။
ခွေးများကိုချစ်သောကြောင့်၊ သနားသောကြောင့်ဆိုလျှင်လည်း မိမိ၏ခြံထဲခေါ်၍သာ ကျွေးသင့်ကြောင်းကို သဘောပေါက်ပုံမရပေ။ ရံဖန် ရံခါ အမျိုးသမီးနှစ်ဦးက လွှတ်တော်ဝင်းအတွင်းသို့ ဝင်ပြီး ခွေးများကိုအစာကျွေး၏။ နောက်ဝန်ထမ်းတစ်ဦးသည် မွန်းလွဲပိုင်းတွင် ကားဖြင့်လာ၍ ခွေးများကို အစာကျွေးသည်။ လွန်ခဲ့သောတစ်ပတ်၌ အပြင်မှ လူတစ်ယောက်သည် မော်တော်ဆိုင်ကယ်စီး၍ ထမင်းချိုင့်သယ်ဆောင်လာပြီး အိမ်တော်အနီးရှိ လမ်းပလက်ဖောင်းတွင် ဆူညံနေသော ခွေးရှစ်ကောင်ခန့်ကို ချိုင့်ထဲမှ ခူးခပ်ကျွေးနေသည်။
ထိုဝန်ထမ်းမိသားစုများသည် ပညာတတ်လူတန်းစားဟု ဆိုပါလျက်နှင့်သူတို့၏ လုပ်ရပ်များကြောင့် အခြားသူများ၏ အိမ်ရှေ့လမ်းများနှင့် နိုင်ငံတော်မျက်နှာစာလမ်းများပေါ်တွင် ထမင်းသိုး၊ ဟင်းသိုး များဖြင့် ညစ်ပတ်နေသည်ကို “ညစ်ပတ်သည်”ဟု မမြင်ကြပေ။ မိမိတို့၏ လုပ်ဆောင်ချက်များသည် စည်းကမ်းမရှိဟူ၍လည်း သိဟန်မတူကြပေ။ သူတစ်ပါးကို ရှက်ရမှန်း၊ အားနာရမှန်းကိုလည်း မသိကြပေ။
လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များ
လွှတ်တော်နှင့် အစိုးရရုံးများ၏ ပရိဝုဏ်နယ်မြေရှိ အများသုံးလမ်းများနှင့် အဆောက်အအုံများတွင် “သန့်ရှင်းသပ်ရပ်ရမည်”၊ “လမ်းပေါ်တွင် ခွေးများကိုအစာမကျွေးရ” ၊ “ရုံးများကို ညစ်ပတ်အောင် မလုပ်ရ” ဟူ၍ ဆိုင်းဘုတ်များမရေးထားပါ။ သို့သော်ငြားလည်း ဤစည်းကမ်းများသည် ကျွန်မတို့ ကျောင်းနေစဉ်အရွယ်ကပင် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များ ဖြစ်ကြောင်း ဆရာ ဆရာမများနှင့် လူကြီးမိဘများက “ပြည်သူ့နီတိ”တွင် သင်ကြားပေးခဲ့သည်။ ပတ်ဝန်းကျင်ကို ညစ်ပတ်အောင် လုပ်ခြင်းသည် မိဘဆရာများ သွန်သင်ဆုံးမခြင်း မပြုခဲ့၍သာဖြစ်သည်ဟု ယူဆနိုင်သည်။
ထို့ကြောင့်လည်း စင်ကာပူကဲ့သို့ တိုးတက်နေသောနိုင်ငံများတွင် အမှိုက်ပစ်ခြင်း၊ အဆောက်အအုံ များကို ညစ်ပတ်အောင်ပြုမူခြင်း၊ လမ်းပေါ်တွင် ကျင်ကြီးကျင်ငယ်စွန့်ခြင်း အစရှိသော အပြစ်များ အတွက် ဒဏ်ရိုက်သည်။ ၁၉၉၄ ခုနှစ်တွင် စင်ကာပူမှ တရားရုံးသည် အသက် ၁၈ နှစ်ခန့် ရှိသော အမေရိကန်ကျောင်းသား မိုက်ကယ်ဖေး (Michael Fay) အား အခြားသူများ၏ ကားများကို ဆေးမှုတ်ဖျက်ဆီးခဲ့သည့်အတွက် ကြိမ်ဒဏ်ပေးပြီး ထောင်ဒဏ်လေးလပါ ချမှတ်ခဲ့သည်။ အမေရိကန် အစိုးရကကန့်ကွက်သော်လည်း မရခဲ့ပေ။
ဥပဒေကို အတည်ပြုပြဋ္ဌာန်း
ကျွန်မ နှစ်ကြိမ်နေထိုင်ခဲ့သော နယူးယောက်မြို့တွင် အများသုံးလမ်းများပေါ်၌ အိမ်မွေးခွေးက အညစ်အကြေးစွန့်ပါက ခွေးပိုင်ရှင်က ယင်းအညစ်အကြေးကို လက်အိတ်ဖြင့်သော်လည်းကောင်း၊ သတင်းစာစက္ကူဖြင့် သော်လည်းကောင်း ကိုယ်တိုင်ကောက်ယူသိမ်းဆည်းရပါသည်။ ထိုအညစ်အကြေးများကို အိမ်အထိ ပြန်သယ်လာပြီး မိမိကိုယ်တိုင်သုံးသော အိမ်သာအိုးထဲသို့ ပစ်ချနိုင်သည်၊ သို့မဟုတ် အိတ်တစ်အိတ်ထဲတွင် အလုံချည်၍ အများသုံးအမှိုက်ပုံးထဲတွင်ပစ်နိုင်သည်။ ထိုသို့မလုပ်ဘဲ မိမိခွေး၏အညစ်အကြေးများကို လမ်းပေါ်တွင်ထားခဲ့ပါက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၅၀ ဆောင်ရသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၇၈ ခုနှစ်ကတည်းက ဤဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
လမ်းဘေးမှခွေးများကို လမ်းပေါ်တွင် ထမင်းကျွေးခြင်းဟူသော အကျင့်ဆိုးကြီးသည် အစိုးရ ဝန်ထမ်း မဟုတ်သောသူများ၊ အရပ်သူအရပ်သားများတွင်လည်း ကျယ်ပြန့်စွာတွေ့ရသည်။ သို့သော် နိုင်ငံ့ဝန်ထမ်းများက အထူးဂရုစိုက်သင့်သည်။ မည်သည့်ဝန်ထမ်းမိသားစုများက လမ်းဘေးခွေးများကို ထမင်းကျွေးနေကြောင်း သိကြသည်။
ဤအကြောင်းအရာကို ပြည်သူ့နီတိရှုထောင့်သာမက ပြည်သူ့ကျန်းမာရေးရှုထောင့်ဖြင့် အနည်းငယ် ပြောလိုပါသည်။ Hydrophobia သို့မဟုတ် rabies ခေါ် ခွေးရူးပြန်ရောဂါသည် မြန်မာနိုင်ငံကဲ့သို့ ခွေးလေခွေးလွင့်များပေါများ၍ အသိပညာနှင့် ဗဟုသုတခေါင်းပါးသောနိုင်ငံများတွင် ပြည်သူ့ကျန်းမာရေး ပြဿနာဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ အကိုက်ခံရသူအား အကိုက်ခံရပြီး ချက်ချင်းခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ ဒဏ်ရာကို ဆေးကြောပေးခြင်း အစရှိသည့် post-exposure prophylaxis (PEP) နည်းလမ်းများဖြင့် ဆေးကုသ ခြင်းကို ခံယူစေရပါမည်။
ဤကဲ့သို့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို စောစောမထိုးနိုင်ပါက သို့မဟုတ် ကာကွယ်ဆေး များသည် အာနိသင်ပျက်ပြယ်နေပါက ခွေးရူးအကိုက်ခံရသူသည် ကြောက်မက်ဖွယ်သော ခွေးရူးပြန် ရောဂါဖြစ်လာ၍ ထိုရောဂါလက္ခဏာများပေါ်လာသောအချိန်တွင် လူနာကိုကုသ၍မရတော့ဘဲ အသက်ပါ ဆုံးရှုံးရမည်ဟု ဆိုပါသည်။ ခွေးရူး ပြန်ရောဂါကာကွယ်နည်းများကို ဆင်းရဲသောနိုင်ငံ များတွင် နေထိုင်သူအများအပြားက မသိကြပေ။
အဓိကစိန်ခေါ်မှုများ
မြန်မာနိုင်ငံအတွက် အဓိကစိန်ခေါ်မှုများမှာ (က) လူထု၏ အသိဉာဏ်ခေါင်းပါးခြင်း၊ (ခ) ခွေးလေ ခွေးလွင့်များ မြို့တိုင်းတွင်ရှိခြင်းနှင့် (ဂ) ခွေးရူးပြန် ရောဂါကာကွယ်ဆေး၏ အာနိသင်ပျက်ပြယ်မှု မရှိစေရန် ထိန်းသိမ်းခြင်းတို့ ဖြစ်ကြပါသည်။ ဤဆေးသည် WHO ၏ အဆိုအရ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ် မှ ၈ ဒီဂရီစင်တီဂရိတ်ကြား၌ရှိသော အအေးခန်းသို့မဟုတ် ရေခဲသေတ္တာထဲတွင် ထားရပါမည်။ ရေခဲသေတ္တာတံခါးပင်လျှင် အပူချိန်အပြောင်းအလဲရှိနိုင်သောကြောင့် ဆေးများ သိမ်းဆည်းရန်မသုံးသင့် ဟု WHO က ဆိုထားသည်။ မြန်မာနိုင်ငံတွင်ကား ကာကွယ်ဆေးများ ရှိသော်ငြားလည်း လျှပ်စစ်ပြတ်တောက်မှုများကြောင့် ကာကွယ်ဆေးများ၏ အာနိသင်ပျက်ပြယ်သည့် အဖြစ်များကို ခေတ်အဆက်ဆက်ကပင် ကြုံဖူး၊ ကြားဖူးပါသည်။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများက ပြည်သူ့နီတိကျင့်ဝတ်များကို စောင့်စည်းထိန်းသိမ်း၍ ခွေးရူးရောဂါမဖြစ်ပွားအောင် ခွေးလေခွေးလွင့်များကို အားမပေးရန် တိုက်တွန်းအပ်ပါသည်။
အထူးသဖြင့် လမ်းပေါ်တွင် ခွေးများကို အစာကျွေးခြင်းမှ ရှောင်ကြဉ်၍ ရုံးများ၏ပရိဝုဏ်နယ်မြေရှိ အများသုံးလမ်းများနှင့် အဆောက်အအုံများကို သန့်ရှင်းစွာ ထိန်းသိမ်းထားရှိရန် တာဝန်ရှိသည်ဟု တင်ပြအပ်ပါသည်။ မိမိ၏ခွေးစာများကြောင့် ညစ်ပတ်နေမှုကိုလည်း “အညစ်အကြေးများ”ဟု သိတတ်မြင်တတ်လာပြီး စည်းကမ်းထိန်းသိမ်းကြရန် နှိုးဆော်အပ်ပါသည်။ နိဂုံးချုပ် အနေဖြင့် စင်ကာပူနိုင်ငံသည် အမှိုက်ပစ်ဒဏ်ငွေများမှ တစ်နှစ်လျှင် ဒေါ်လာသန်းချီရရှိကြောင်း မီးမောင်းထိုးပြ လိုပါသည်။ ။
အညွှန်းများ
၁။ https://www.nyc.gov/site/dsny/what-we-do/cleaning/animal-waste.page
၂။ https://www.who.int/news-room/fact-sheets/detail/rabies
၃။ https://iris.who.int/bitstream/handle/10665/376632/B09018-eng.pdf?sequence=1


