ဟနွိုင်း   စက်တင်ဘာ   ၂၈

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဒါနန်းပြည်နယ်ရှိ ခရိုင်များနှင့် မြို့များတွင် သဘာဝဘေးကာကွယ်ရန်   ကြိုတင်ဆောင်ရွက်ကြရေး ဝန်ကြီးချုပ် ဖန်မင်ချင်းက ညွှန်ကြားခဲ့သည်။

၎င်းတိုင်ဖွန်းမုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၄ ကီလိုမီတာ ရှိကြောင်း သိရသည်။ ဘူအလွိုင်တိုက် ခတ်မှုကြောင့် ကမ်းရိုးတန်းမြေနိမ့်ပိုင်း ဒေသများတွင် မြေပြိုခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပွားနိုင်ကြောင်း အမျိုးသားမိုးလေဝသစင်တာက ပြောကြားသည်။ မုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ သန်ဟိုးမှ ဟာတင်းအထိမိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးရေချိန် ၆၀၀ မီလီမီတာကျော်အထိ  ရွာသွန်းနိုင်ကြောင်း သိရသည်။

ပင်လယ်ပြင်သို့ထွက်ခွာမည့်   ငါးဖမ်းလှေများကို  ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ရေးအတွက် ဆောင်ရွက်ကြရန်   ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။ ကမ်းရိုးတန်းရှိ အိမ်များ၊    ဆေးဘက်ဆိုင်ရာအဆောက်အအုံများ၊ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ကြံ့ခိုင်မှုရှိစေရေး  ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းဖြစ်ပွားနိုင်သည့်ဒေသများမှ ဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရေးအတွက်  ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။

ဒေသခံများအား သဘာဝဘေးကျရောက်သည့်အချိန်တွင် ဘေးလွတ်ရာသို့  ရွှေ့ပြောင်းကယ်ဆယ်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနများမှ တပ်ဖွဲ့များအား    ဖွဲ့စည်းထားရှိရန် ညွှန်ကြားခဲ့သည်။ 

ကိုးကား-ဗွီအင်န်အိက်စပရက်

ဘာသာပြန်-စိုးသူရ