ပဲခူး စက်တင်ဘာ ၂၈

 

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ နှလုံးရောဂါပညာရှင်များအဖွဲ့က ကမ္ဘာ့နှလုံးကျန်းမာ ရေးနေ့အထိမ်းအမှတ် နှလုံးနှင့် သွေးကြောရောဂါ ဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု အားပေးသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ မြို့မိမြို့ဖများနှင့်အတူ နှလုံးနှင့်သွေးကြောရောဂါ လာရောက်ပြသကြသည့် လူနာများအား လိုက်လံကြည့်ရှုကြပြီး အားပေးစကားများပြောကြားကာ ဆေးဝါးပြည့်စုံလုံလောက်စွာပေးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆေးရုံပြသလာကြသည့် နှလုံးရောဂါလူနာ ၁၀၀၀ ကျော်အား နေ့လယ်စာကျွေးမွေးခဲ့ကြသည်။

 

အဆိုပါ  ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်မှ နှလုံးရောဂါလူနာပေါင်း ၁၀၀၀ ကျော်အား တပ်မတော်ဆေးရုံမှ  ပါမောက္ခနှင့်  အထူးကု ဆရာဝန်ကြီးများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊  မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့်  ကန်သာယာဆေးရုံတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများပါဝင်သည့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့မှ ပါမောက္ခ ဒေါက်တာနွယ်နွယ်ဦးဆောင်ပြီး နှလုံးရောဂါအထူးကု ဆရာဝန်ကြီး ၃၃ ဦးက လာရောက် စမ်းသပ်ကုသ ပေးကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံးသို့ရောက်ရှိပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ စေတီတော်မြတ်ကြီး ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုမရှိ စေရေး စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော်အတွင်း၌ ကြံ့ခိုင်ရေးပြန်လည်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)