နီဇော်သစ်
သတင်းနည်းပညာ၏ မျိုးစေ့များမှာ အစောပိုင်း စက်ယန္တရားသုံး ဂဏန်းတွက်စက်များနှင့် မိန်းဖရိန် ကွန်ပျူတာကြီးများလို အတွက်အချက်ကိရိယာများနှင့် ကြေးနန်း၊ တယ်လီဖုန်းတို့လို ဆက်သွယ်ရေးနည်းပညာများဟုဆိုလျှင် ရမည်ထင်သည်။ အခြေခံသဘောတရားအပိုင်းကတော့ ပြီးခဲ့သည့်အပတ်က တင်ပြခဲ့သည့်အတိုင်း ကလောက်ဒ်ရှန်နွန် စတင်မိတ်ဆက်သည့် သတင်းနည်းပညာ သဘောတရား၊ ဂျော့ဂျ်ဘူးလ်၏ ဘူလီယန် အက္ခရာသင်္ချာလို သင်္ချာပိုင်းမှ သဘော တရားများ၊ ဒစ်ဂျစ်တယ်နည်းပညာသဘောတရားများဟု ဆိုနိုင်သည်။ မိုက်ခရိုကွန်ထရိုလာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊တစ်ကိုယ်ရေသုံးကွန်ပျူတာများ ခေတ်စားလာခြင်း၊ အင်တာနက် ကျယ်ကျယ်ပြန့်ပြန် အသုံးတွင်ကျယ်လာခြင်းတို့ကလည်း သတင်းနည်းပညာကို အရှိန်မြှင့်ပေးသည့် ပေါင်းစပ်မှုများပင်။
သတင်းနည်းပညာအတွက် စိတ်ကူးများကတော့ အစောပိုင်းကတည်းက ပေါ်ပေါက်ခဲ့သည်ဟု ဆိုနိုင်သည်။ ၁၉၄၅ ခုနှစ် ဗန်နဗာဘုရှ်၏ As We May Think အက်ဆေးထဲတွင် အနာဂတ်နည်းပညာ မျှော်မှန်းချက်ကို သတင်းနည်းပညာပုံစံမျိုး တွေ့မြင်ခဲ့ရသည်။ သူက ‘မီမက်ဇ်’ ဟု ခေါ်သည့် ကိရိယာတစ်မျိုးကို စိတ်ကူးရေးသားခဲ့ခြင်းဖြစ်သည်။ ထိုကိရိယာက တစ်စုံတစ်ယောက်၏ အသိပညာအားလုံးကို သိုမှီးထားနိုင်ပြီး ခပ်မြန်မြန်အဆင်ပြေပြေ အကြံပေးညှိနှိုင်းနိုင်သည့် စက်မျိုးဖြစ်သည်။ ဘုရှ်က ထိုကဲ့သို့ ကိရိယာများပေါ်ထွက်လာခြင်းဖြင့် သတင်းအချက်အလက် ပေါက်ကွဲမှုမှသည် အသိဉာဏ်ပညာ ပေါက်ကွဲမှုအထိ ဖြစ်လာစေရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။ ယခု သတင်းနည်းပညာအပါအဝင် အခြားသော အထွေထွေသုံးနည်းပညာများနှင့် ပေါင်းကူးနည်းပညာတို့၏ဂယက်များ ပေါင်းစည်းရာမှ နောက်ထပ်အထွေထွေသုံးနည်းပညာတစ်ရပ်ဖြစ်လာရန် တာစူနေပြီဖြစ်သော အေအိုင်ခေါ် အသိဉာဏ်တုနည်းပညာတွင် ဘုရှ်၏ ရည်မှန်းချက်များကို တွေ့မြင်နေရပြီမဟုတ်ပါလား။
၁၉၄၆ ခုနှစ်တွင် ENIAC ဟု အမည်ပေးထားသည့် အီလက်ထရွန်နစ် ကိန်းဂဏန်း အင်တီဂရေတာ နှင့် ကွန်ပျူတာပေါ်ထွက်လာခြင်းက ဒစ်ဂျစ်တယ်ကွန်ပျူတာတို့၏ အစဖြစ်သည်။ ဂျက်ကီလ်ဘီနှင့် ရောဘတ်နွိုက်စ်တို့၏ မိုက်ခရိုချစ်ပ်တီထွင်မှုနှင့်အတူ ၁၉၅၈ ခုနှစ်တွင် အိုင်စီများ ပေါ်ထွက်လာ သည်။ အိုင်စီနည်းပညာ ပေါ်ထွက်လာခြင်းက ကွန်ပျူတာများကို ပိုသေး၊ ပိုမြန်၊ ဈေးပိုသက်သာ လာစေသည်။ ၁၉၆၉ ခုနှစ်တွင် အမေရိကန်တက္ကသိုလ် လေးခုကို ချိတ်ဆက်ထားသည့် ARPANET ဟုခေါ်သော ကွန်ရက်တစ်ခု စတင်ပေါ်ပေါက်လာခြင်းသည် အင်တာနက်၏ အစဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် မိုက်ခရိုပရိုဆက်ဆာနည်းပညာ စတင်ပေါ်ပေါက်သည်။ အင်တဲလ်၏ ၄၀၀၄ မိုက်ခရို ပရိုဆက်ဆာ ဖြစ်သည်။ ပထမဆုံးစီးပွားဖြစ်ထုတ်ရောင်းနိုင်သည့် မိုက်ခရိုပရိုဆက်ဆာဖြစ်ပြီး တစ်ကိုယ်ရေသုံး ကွန်ပျူတာပီစီတို့ ပေါ်ထွက်လာဖို့ လမ်းစဖြစ်ခဲ့သည်။
၁၉၇၁ ခုနှစ်တွင် စတိဗ်ဂျော့နှင့် စတိဗ်ဝိုဇနက် တို့၏လက်ရာ အက်ပဲလ်-၁ စတင်ပေါ်ထွက်လာသည်။ ပထမဆုံး တစ်ကိုယ်ရေသုံးကွန်ပျူတာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကွန်ပျူတာကို အသုံးပြုခွင့်ရလာစေမည့် အခြေခံအုတ်မြစ်လည်းဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် အိုင်ဘီ အမ်ကွန်ပျူတာများ ပေါ်ထွက်လာသည်။ အက်ပဲလ်နှင့် အိုင်ဘီအမ်တို့၏ ပြိုင်ဆိုင်မှုသည် တစ်ကိုယ်ရေ သုံးကွန်ပျူတာတို့၏ ဈေးကွက်ကို ပိုမိုကျယ်ပြန့်လာစေသည်။ ၁၉၈၉ ခုနှစ်တွင် တင်မ် ဘာနာစ်-လီ၏ ဝက်ဘ်တီထွင်မှုနှင့်အတူ ကမ္ဘာကုန်ကျယ်သရွေ့ ကွန်ရက် World Wide Web ပေါ်ထွက်လာသည်။ www ဖြစ်လာခြင်းကြောင့် အင်တာနက်ကိုသုံးရသည်မှာ ပိုမိုလွယ်ကူလာသလို ကွန်ရက်ကလည်း ပိုမိုကျယ်ပြန့်လာသည်။ ၁၉၉၁ ခုနှစ်တွင် လင်းနပ်စ် တော်ဗယ်က Linux OS ကို စတင်ထုတ်လုပ်သည်။ အက်ပဲလ်၏၊ မက္ကင်းတော့ရှ်၏၊ မိုက်ခရိုဆော့ဖ်၏ ဝင်းဒိုးစ်တို့လို အခကြေးငွေပေးစရာမလိုသည့် ပွင့်လင်းအရင်းအမြစ်တစ်ခုဖြစ်သော လင်းနပ်စ်သည် ပွင့်လင်း အရင်းအမြစ်များ၏ ရှေ့ဆောင်ဦးရွက် သာဓကတစ်ခုဖြစ်ခဲ့ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။
၁၉၄၆ ခုနှစ် အီးနီးယက်မှစတင်ကာ ယနေ့ခေတ် အေအိုင်များအထိ နည်းပညာကို လူသားတစ်ဦးတစ်ယောက်ချင်းစီ သုံးနိုင်လာစေရန်၊ သုံးဖို့လည်း လိုအပ်လာစေရန် အဓိကမောင်းနှင်ပေးခဲ့သည်မှာ သတင်းနည်းပညာ၏ အခြေခံသဘော တရားဖြစ်သော သတင်းအချက်အလက်စီးဆင်းမှုဖြစ်သည်။ စီးပွားရေးအတွက်လည်း အချက်အချာကျသည့် နည်းပညာဖြစ်လာသည်။ “သတင်းနည်းပညာနဲ့ စီးပွားရေးဟာ ခွဲထုတ်လို့မရတော့တဲ့ ယှက်နွှယ်မှုတစ်ခုဖြစ်လာပြီ။ ဘယ်သူမဆို တစ်ခု အကြောင်းပြောရင် နောက်တစ်ခုကို ထည့်မပြောဘဲနဲ့ အဓိပ္ပာယ်ရှိရှိ ပြောလို့မရတော့ဘူး”ဟု ဘီလ်ဂိတ်သုံးသပ်ခဲ့သလိုမျိုးပင်။ ထို့ကြောင့် သတင်းနည်းပညာသည် အထောက်အပံ့နည်းပညာ မျှသာမဟုတ်တော့ဘဲ စီးပွားရေးလုပ်ငန်းများ လည်ပတ်နေသည့်၊ ဖွံ့ဖြိုးတိုးတက်နေသည့် ပင်မ အူတိုင်တစ်ခုဖြစ်လာပြီဟု အဓိပ္ပာယ်ရသည်။
သတင်းနည်းပညာ ထွန်းကားလာသည့်နေရာတွင် ကုန်ထုတ်လုပ်မှုအပိုင်း၌ မြင်တွေ့ရသည့် ထူးခြားချက်မှာ ထုတ်ကုန်အချို့ ဝန်ဆောင်မှုအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။ ယင်းကို အထူးသဖြင့် ဖျော်ဖြေရေးကဏ္ဍတွင် မြင်တွေ့ရသည်။ ယခင် ကုန်ထုတ်လုပ်မှု သီအိုရီများအရဆိုလျှင် အမာထည်ဖြစ်သော ထုတ်ကုန်တစ်ခုသည် စိတ္တဇနာမ်တစ်ခု ဖြစ်သော ဝန်ဆောင်မှုအဖြစ် ပြောင်းသွားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ တကယ့်လက်တွေ့တွင် ထိုသို့ဖြစ်ခဲ့သည်။ ကျွန်တော်တို့ ငယ်စဉ်က သီချင်းနားထောင်ဖို့ဆိုလျှင် သီချင်းခွေများ ဝယ်နိုင်လျှင်ဝယ်၊ မဝယ်နိုင်လျှင် ငှားရသည်။ ဗီဒီယိုခေတ်တွင်လည်း ထိုအတိုင်းပင်။ ဝန်ဆောင်မှုလုပ်ငန်းများမရှိဘူးလားဆိုလျှင်တော့ ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်းများရှိသည်။ သို့သော် သီးခြားစီဖြစ်နေ၏။
ထိုသို့ လူမှုရေးနှင့် စီးပွားရေးအပိုင်းတွင် သတင်းနည်းပညာ အချက်အချာကျလာရုံသာမက ပညာရေး၊ ကျန်းမာရေးတို့လို လူထုဝန်ဆောင်မှုလုပ်ငန်းများ၊ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုများအပေါ်တွင်ပါ သက်ရောက်မှုရှိခဲ့သည်။ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်စာကြည့်တိုက်များ၊ အွန်လိုင်းသင်တန်းများ၊ ပွင့်လင်းအချက်အလက်အရင်းအမြစ်များက များစွာအထောက်အကူပေးလျက်ရှိသည်။ အခမဲ့အွန်လိုင်းသင်တန်းများဆိုလျှင် မည်သည့်ဘာသာရပ်ကိုမဆို ဝါသနာပါသည်နှင့် ဝင်ရောက်သင်ယူခွင့်ရှိအောင် လုပ်ပေးထားသည်မှာ အလွန်ကောင်းလှသည်။
ဒစ်ဂျစ်တယ်ကိရိယာများအပေါ် ပိုမိုမှီခိုအားထားလာရသည်။ လူသားတို့သည် ကိရိယာများကို တီထွင်ထိန်းချုပ်ကိုင်တွယ်ရာမှ ကိရိယာများ၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်သွားလေ့ရှိသည်ဆိုသော သဘောတရားကို ယနေ့ခေတ်တွင် ထင်ထင်ရှားရှား မြင်တွေ့ရသည်။ အထူးသဖြင့် ကလေးများ ကွန်ပျူတာ၊ ဖုန်း၊ ရုပ်သံကြည့်ရှုအသုံးပြုချိန် များပြားခြင်းမှာ ယနေ့ခေတ် မိဘတိုင်း နိစ္စဓူဝ ကြုံတွေ့နေရသည့်ပြဿနာပင်။ အကျိုးဆက်အားဖြင့်လည်း သက်ရောက်မှုကြီးမားပြီး ထိန်းချုပ်ဖို့ လည်းမလွယ်သည့် သတင်းနည်းပညာခေတ်၏ အဓိကပြဿနာဟုပင် ဆိုနိုင်သည်။ နောက်ဆုံး ပြောစရာရှိသည့် အားနည်းချက်မှာ သတင်းအချက်အလက်များနှင့်အတူ သတင်းအချက်အလက်အတုများလည်း ပြိုင်တူစီးဆင်းလာခြင်းဖြစ်သည်။ အမှန်တရားက ဖိနပ်စီးနေတုန်း မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးသွားပြီဆိုသည်မှာ ဆိုရိုးဟောင်းတစ်ခုဖြစ်သော်လည်း ယနေ့ခေတ်တွင်မှ လုံးဝကွက်တိကျနေသည်။
ထိုသို့ အဆိုးအကောင်းများ ကြီးကြီးမားမား ဒွန်တွဲနေသည့် သတင်းနည်းပညာသည် အထွေထွေသုံးနည်းပညာတစ်ရပ်အဖြစ် ပါဝါပြန်လည်ဖြန့်ဝေမှုလည်း ကြီးမားသည်။ အထက်တွင် ဖော်ပြခဲ့သည့် လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများမှာလည်း အဆိုပါ ပါဝါပြန်လည်ဖြန့်ဝေမှုများ အောက်တွင်သာရှိနေသည်။ ထိုအကြောင်းကို နောက်တစ်ပတ်တွင် အကျဉ်းချုပ်မျှ ဆက်လက်ဆွေးနွေးသွားပါမည်။


