နေပြည်တော် စက်တင်ဘာ ၂၈

 

ကာဇက်စတန်နိုင်ငံ သမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးနန်းတော်

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သို့ ရောက်ရှိကြရာ နန်းတော်မှ General Director Mr. Yakupov Daniyar Abaevich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်မှ General Director Mr. Yakupov Daniyar Abaevich နှင့် တာဝန်ရှိသူများက ဧည့်ခန်းမဆောင်တွင်တွေ့ဆုံ၍ ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာများ၊ ကာဇက်စတန်နိုင်ငံတွင် လူမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်သည့်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ကို တည်ဆောက်ခဲ့မှုနှင့် အမျိုးသားရေးညီလာခံကို နှစ်စဉ် လက်ခံကျင်းပ ဆောင်ရွက်လျက်ရှိမှု၊ လူမျိုးစုများအချင်းချင်း ချစ်ကြည်မှုနှင့် နားလည်မှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကာဇက်စတန်နိုင်ငံရှိ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးကိုလည်း လက်ခံကျင်းပခဲ့မှုနှင့် နန်းတော်အတွင်း ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသားလူမျိုးများ အတူတကွ စုပေါင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ပြန်လည်ဆွေးနွေးပြောကြားပြီး ကာဇက်စတန်နိုင်ငံဆိုင်ရာများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော် အတွင်းရှိ ကဇာတ်ရုံခန်းမကြီးနှင့် နန်းတော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။

 

 

အဆိုပါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သည် ပိရမစ်ပုံစံ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည့် ခေတ်မီအဆောက်အအုံတစ်ခုဖြစ်ကာ စုစုပေါင်း ဧရိယာစတုရန်းပေ ၃၀၀၀၀၀ (စတုရန်းမီတာ ၂၈၀၀၀) ကျယ်ဝန်းပြီး ၆၂ မီတာ(၂၀၃ ပေ) မြင့်သော ခမ်းနားထည်ဝါသည့် အဆောက်အအုံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေး အခမ်းအနားများအပြင် ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ပွဲတော်များနှင့် အမျိုးသားရေး ညီလာခံ အခမ်းအနားများ ကျင်းပရာ အဆောက်အအုံတစ်ခုလည်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံအတွက် အရေးပါသောနေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။

 

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်အတွင်း လှည့်လည်ကြည့်ရှု အပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။

 

အမျိုးသားပြတိုက် 

ယင်းနောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ရောက်ရှိကြရာပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

 

ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်အတွင်း လှည့်လည်၍ ကာဇက်စတန်လူမျိုးနှင့် နိုင်ငံတို့၏ သမိုင်းကြောင်း နောက်ခံအကြောင်းအရာများ၊ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည် ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

 

 

အဆိုပါ ကာဇက်စတန်နိုင်ငံ အမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်းသစ်ဆုံးပြတိုက်တစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်တွင် ခန်းမ ၁၁ ခုပါဝင်ပြီး အဆိုပါ ခန်းမများတွင် ယခင်ခေတ်မှ ယခုအချိန်အထိ ဖြစ်ပေါ်ခဲ့သော ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများစွာကို ပုံဖော် ပြသထားကြောင်း၊ အမျိုးသားပြတိုက်အား အပတ်စဉ်တနင်္လာနေ့တိုင်းပိတ်၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ၁၀:၀၀ နာရီမှ ၁၈:၀၀ နာရီအထိဖွင့်လှစ်ထားရှိကြောင်း၊ လာရောက် လေ့လာကြသူများအနေဖြင့် ကာဇက်စတန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို သိရှိနိုင်ရန်အတွက် ကာဇက်စတန် ဘာသာစကား၊ ရုရှားဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကားများဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

 

ပြတိုက်အတွင်း ပြကွက်တစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုမှုအပြီးတွင် အက်စတာနာ မြို့ဆိုင်ရာပြခန်း၌ မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl က ယခင်က မြို့တော်ဖြစ်သည့် အာမာတီမြို့မှ ယခုအက်စတာနာမြို့နေရာသို့ မြို့ပြအခြေခံအကွက်ချပုံ စနစ်တကျရေးဆွဲ၍ ၂၀၀၀ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး တည်ဆောက်ခဲ့မှု၊ စတင် ဆောင်ရွက်ခဲ့စဉ်က လူဦးရေရှစ်သိန်းခန့်အထိ နေထိုင်နိုင်ရေး အခြေခံအဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်မှုများနှင့် အခြားလိုအပ်ချက်များကို ထည့်သွင်းတွက်ချက် ဆောင်ရွက်ခဲ့ သော်လည်း နောက်ပိုင်းတွင် တိုးတက်လာသော လူဦးရေနှင့်အညီ ထပ်မံတိုးချဲ့ ဆောင်ရွက် လျက်ရှိမှု၊ ခေတ်မီနည်းစနစ်များဖြင့် မြို့ပြအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက် ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich ၊ မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်