နေပြည်တော် စက်တင်ဘာ ၂၈
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူအား ညောင်ရွှေမြို့ရှိ လင်းကင်းကျေးရွာမှ အဋ္ဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာ လှေပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဖောင်တော်ဆိုက် ပြာသာဒ်သို့ အင်းလေးရိုးရာ ဆွဲလှေများဆွဲ၍ ကရဝိက်ဖောင်ဖြင့် ပင့်ဆောင် ရောက်ရှိလာသည့် အင်းလေးဖောင်တော်ဦး မြတ်စွာ ဘုရား ရုပ်ရှင်တော်မြတ်များအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီ စံကျောင်းတော်ကြီးသို့ ပင့်ဆောင်မည့် ဝေါယာဉ်ပေါ်သို့ ပင့်ဆောင် ပူဇော်ကြကာ ညောင်ရွှေမြို့အတွင်း လှည့်လည်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲများ ဖြစ်သည့် အမျိုးသား ၅၆ တက်၊ အမျိုးသမီး ၂၆ တက်၊ အမျိုးသား တစ်ဦးချင်း ယှဉ်ပြိုင်လှော်ခတ် ပြိုင်ပွဲ၊ ကျောင်းသား ၂၆ တက်၊ အမျိုးသား ရာကျော်လှော်ခတ် ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ လှေယာဉ် ဂုဏ်ပြုဆု၊ ဆွမ်းပို့လှေဂုဏ်ပြုဆုနှင့် ပြိုင်ပွဲ အမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ခေတ္တကိန်းဝပ် စံပယ်တော်မူမည့် အဋ္ဌဒိသာ ဓမ္မဝိဟာရ ဒေသစာရီ စံကျောင်းတော်ကြီးသို့ ရောက်ရှိပြီး ရုပ်ပွားတော်များအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ ညောင်ရွှေ စံကျောင်းတော်ဝင်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ညောင်ရွှေမြို့ မိုင်းသောက် ကျေးရွာ မိုင်းသောက်ပထမ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိ ဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ငါးပါး သီလဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော် မူကြသော ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ညောင်ရွှေမြို့ အဋ္ဌဒိသာဓမ္မ ဝိဟာရ ဒေသစာရီစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း ၇ ရက် (စက်တင်ဘာလ ၂၈ ရက်) မှ သီတင်းကျွတ်လဆန်း ၉ ရက် (စက်တင်ဘာလ ၃၀ ရက်) အထိ သုံးရက်တိုင်တိုင် ကိန်းဝပ်ပူဇော်ခံ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


