ရန်ကုန် စက်တင်ဘာ ၂၈

 

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Yangon Max Hotel (Yangon Ballroom) ၌ ကျင်းပသည်။

 

တက်ရောက်

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များ၊ နည်းပညာအသစ်များနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ပိုမိုတိုးတက်အောင် ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်းနှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအနေဖြင့် လုပ်ငန်းရှင်များကို ဦးဆောင်လက်တွဲပြုကာ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အင်တိုက်အားတိုက်ဖြင့် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက အမှာစကားပြောကြားပြီး အသင်းချုပ်၏ သက်တမ်း အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဥက္ကဋ္ဌများက ဂုဏ်ပြုစကားများ ပြောကြားသည့် Video Clip ကို ပြသသည်။

 

ယင်းနောက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော် က နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် MSME ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲများနှင့် Business Matching လုပ်ငန်းရှင်များအချင်းချင်း မိတ်ဆက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)