ဖိုးအောင်
စာရေးသူတို့နိုင်ငံ၏ ပထဝီအနေအထားအရ နယ်စပ်တစ်လျှောက် နှစ်နိုင်ငံထိစပ်မှု ဧရိယာရှည်လျားပြီး တောတောင်ရေမြေအားဖြင့် အချို့နယ်စပ်ဒေသများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းနယ်နိမိတ်၊ ရေနယ်နိမိတ် ထိစပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဝိသမလောဘ စီးပွားရေးသမားများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက နှစ်နိုင်ငံ နယ်စပ် ထိစပ်နေသည့်နေရာများကို အသုံးပြု၍ တရားမဝင် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် ကုန်ပစ္စည်း ဝင်/ ထွက် ဖြတ်သန်းမှုများ ဆောင်ရွက်လျက်ရှိပြီး တရားမဝင် ကုန်သွယ်မှုများ ဆောင်ရွက်နေပါသည်။
တရားမဝင် ကုန်သွယ်မှုများအား ထိထိရောက်ရောက်နှိမ်နင်းရန် လိုအပ်
တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာစေသည့်အပြင် အသေးစား၊ အငယ်စား၊ အလတ်စား ပြည်တွင်းစီးပွားရေး ကုန်ထုတ်လုပ်ငန်းများ (Micro,Small and Medium Enterprises – MSME) ကိုလည်း ထိခိုက်စေပါသည်။ သို့အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ပြီး အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးခြင်း၊ အလုပ်လက်မဲ့များပြားလာခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ ကြီးထွားလာခြင်းကြောင့် ငွေကြေးမတည်ငြိမ်မှုများနှင့် ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ပြည်သူအများ ခံစားရသည့်အပြင် နိုင်ငံတော်၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်စေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများအား အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းရန် လိုအပ်လျက်ရှိကြောင်း တွေ့ရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ” ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက OSS အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ၍လည်းကောင်း သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ တားဆီးဖမ်းဆီးစစ်ဆေးခြင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။
ဤမျှ တရားမဝင်ကုန်သွယ်မှုများအား ကြပ်ကြပ်မတ်မတ် တားဆီးဖမ်းဆီး ဆောင်ရွက်နေသော်လည်း တရားမဝင်ကုန်သွယ်မှုများကား ပျောက်ကွယ်သွားခြင်း မရှိသေးပါ။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏကိန်းဂဏန်းများ နှိုင်းယှဉ်ကြည့်လျှင် ကွာခြားမှုများ ရှိနေဆဲပင်ဖြစ်ပါသည်။ ဝိသမလောဘစီးပွားရေးသမားများကလည်း တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများနှင့် နည်းလမ်းမျိုးစုံကို ရှာဖွေ၍ ပြုလုပ်နေကြဆဲ ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု နည်းလမ်းမျိုးစုံဖြင့် ပြည်တွင်းဈေးကွက်အတွင်းသို့ အများဆုံး ဝင်ရောက်ဖြန့်ဖြူးနေသည့် ကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများဖြစ်ကြောင်း တွေ့ရှိရပါသည်။
ယခုနောက်ပိုင်းတွင် ဈေးကွက်အတွင်း၌ ကုန်အမှတ်တံဆိပ်အတုများဖြင့် ဖြန့်ဖြူးရောင်းချနေသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တွေ့မြင်ရသည့်အတွက် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်ကို ထပ်မံတွေ့ရှိရပါသည်။ ကုန်အမှတ်တံဆိပ်အတုများဖြင့် ရောင်းချနေသော ကျန်းမာရေး ထောက်ခံချက်မရှိသည့် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများကို အများပြည်သူသုံးစွဲမိပါက အန္တရာယ်ကြီးမားပါသည်။ ထို့အပြင် ပြည်တွင်းထုတ် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ကုန်အမှတ်တံဆိပ်အတုများဖြင့် ဖြန့်ဖြူးရောင်းချလာပါက အသေးစား၊ အငယ်စား၊ အလတ်စား ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ရေရှည်တည်တံ့နိုင်မည့် အကျိုးစီးပွားကို များစွာထိခိုက်စေမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ နယ်စပ်ဒေသလမ်းကြောင်းများတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူ၍ ဝိသမလောဘစီးပွားရေးသမားများက တရားမဝင်ကုန်သွယ်မှုများအား ပိုမိုဆောင်ရွက်လျက်ရှိကြောင်း နှစ်နိုင်ငံကုန်သွယ်မှု ကိန်းဂဏန်းအချက်အလက်များနှင့် ဖမ်းဆီးမှုစာရင်းဇယားမှတ်တမ်းများအရ သုံးသပ်တွေ့ရှိရပါသည်။ နယ်စပ်ဒေသလမ်းကြောင်းများမှ ထိထိရောက်ရောက် တားဆီးထိန်းချုပ်ရန် လိုအပ်သကဲ့သို့ လူမှုကွန်ရက်များပေါ်မှ တရားမဝင်ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု၊ တရားမဝင် သယ်ဆောင်မှုများကိုလည်း လျစ်လျူရှုထား၍ မရပေ။
အွန်လိုင်းပလက်ဖောင်း
အွန်လိုင်းပလက်ဖောင်းမှ တရားမဝင် ရောင်းဝယ်မှု၊ သယ်ဆောင်မှုလုပ်ငန်းများ ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးစေသည့်အပြင် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများ၊ ကျန်းမာရေးထောက်ခံချက်မရှိသော စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါးများပါ ရောင်းဝယ် ဖောက်ကားမှုများရှိသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများကို ထိခိုက်စေပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အလွန်အန္တရာယ်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဟုပင် ဆိုနိုင်သည်။
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၏ ဖမ်းဆီးရမိခဲ့သည့် အချက်အလက်များအရ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ယန္တရားများသာမက မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများပါ ဖမ်းဆီးရမိနေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများသည် ကြီးမားကျယ်ပြန့်နေသည့် အခြေအနေရှိကြောင်း သုံးသပ်နိုင်ပါသည်။ တရားမဝင်ကုန်သွယ်မှုများသည် ပြည်သူလူထု၏ ကျန်းမာရေးရှုထောင့်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ထိခိုက်နစ်နာဆုံးရှုံးမှုများသာ ဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်၍ ထိထိရောက်ရောက် ကာကွယ်တားဆီးဆောင်ရွက်သင့်ပါသည်။ တရားမဝင် ကုန်သွယ်မှုများ ပပျောက်သွားသည်အထိ ဝိုင်းဝန်းတားဆီး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူတစ်ရပ်လုံး သိရှိစေရန်အတွက်လည်း အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
တရားမဝင် ကုန်သွယ်မှုများအား ထိထိရောက်ရောက် တားဆီးဆောင်ရွက်လျက်ရှိ
နိုင်ငံတော်မှ တာဝန်ပေးအပ်ထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များက တရားမဝင် ကုန်သွယ်မှုများအား ကြပ်ကြပ်မတ်မတ် ထိထိရောက်ရောက် ကာကွယ်တားဆီးဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ သတင်းပေးတိုင်ကြားနိုင်ရန် အတွက်လည်း နိုင်ငံပိုင်သတင်းစာများ၊ FM Radio များတွင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် E-mail လိပ်စာများအား ဖော်ပြလျက်ရှိပါသည်။ တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်သည့် တာဝန်သိပြည်သူများအား နိုင်ငံတော်က သတင်းပေးဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထုတ်ပေးချီးမြှင့်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်များဖြင့် တရားမဝင် ကုန်သွယ်မှုများ ပပျောက်သွားသည်အထိ ပူးပေါင်း ပါဝင်ကူညီကြစေလိုကြောင်းနှင့် နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်သော သတင်းပေးဆုငွေကို ရယူ၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းတင်ပြလိုက်ရပါသည်။ ။


