ရန်ကုန် စက်တင်ဘာ ၂၈

 

ပင်လယ်ပြင်ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ရာသီဥတုသာယာချိန်၌ ရေထွက်ကုန်များ ရန်ကုန်ဆိပ်ကမ်းများသို့ အပတ်စဉ်ဝင်ရောက်လျက်ရှိရာ ပင်လယ်ထွက်ကုန်ငါးနှပ်ငါးအား ဆော်ဒီအာရေဗျနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း ကြည့်မြင်တိုင်စံပြငါးဈေး အမ်အန်ဒီကုမ္ပဏီမှ သိရသည်။

 

ပင်လယ်ပြင်မှ ငါးသယ်စက်လှေများ ကြည့်မြင်တိုင်စံပြငါးဈေးနှင့် ရွှေပိတောက်ငါးဈေးဆိပ်ကမ်းသို့ ဝင်ရောက်လာချိန်တွင် ငါးနှပ်ငါးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ဖြင့် ငါးသယ်စက်လှေမှ ငါးဒိုင်များကိုရောင်းချပြီး ငါးဒိုင်များက တစ်ပိဿာ ငွေကျပ် ၂၇၀၀ ဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ရှိ အအေးခန်းစက်ရုံများသို့ သေတ္တာများတွင် ရေခဲရိုက်၍ တင်ပို့ကြကာ အအေးခန်းစက်ရုံများမှတစ်ဆင့် ဆော်ဒီအာရေဗျနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ရေလမ်းကြောင်းမှ တင်ပို့လျက်ရှိသည်။

 

“ပင်လယ်ထွက်ကုန်ဖြစ်တဲ့ ငါးနှပ်ကချိုပြီး အလယ်ရိုးပျော့ပျော့တစ်ခုပဲရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က နှစ်ခြိုက်ကြတယ်။ ပြည်တွင်းစားသုံးမှုတော့နည်းတယ်။ ဟိုတယ်တွေမှာ ဟင်းချိုအဖြစ် နာမည်ကြီးတယ်။ အခြောက်လှန်းပြီးလည်း စားကြတယ်။ ဒီရက်ပိုင်းပင်လယ်ပြင်မှာ လှိုင်းရှိတဲ့အတွက် ဆိပ်ကမ်းကိုငါးသယ်စက်လှေတွေ နေ့စဉ်မဝင်နိုင်ဘူး။ ဝင်လာသမျှ ရေထွက်ကုန်အားလုံး အဆင်ပြေကြတယ်။ ပြည်ပပို့ကုန် ငါး၊ ပုစွန်တွေထဲမှာ ငါးနှပ်ငါးကို ပြည်ပနှစ်နိုင်ငံက ပုံမှန်ဝယ်နေတာရှိတယ်” ဟု ကြည့်မြင်တိုင်စံပြငါးဈေးမှ ရေငန်လုပ်ငန်းရှင် ဒေါ်တင်နွဲ့က ပြောသည်။

 

အဆိုပါ ငါးနှပ်ငါးကို အအေးခန်းစက်ရုံများသို့ ကုန်ချိန် ၃၀၀၀ မှ ၅၀၀၀ အထိ တင်ပို့လေ့ရှိပြီး ငါးနှပ်ကိုသန့်စင်ပြုပြင်ပြီးပါက အအေးပေး၍ ပြည်ပမှမှာကြားမှုအတိုင်း တင်ပို့လေ့ရှိသည်။ ငါးနှပ်ငါးကို ပင်လယ်ပြင်ပိုင်းထက် ကမ်းနီးရေချို၊ ရေငန်စပ်အပိုင်းတွင် အများဆုံး ရရှိလေ့ရှိပြီး ဇူလိုင်လမှစ၍ စက်တင်ဘာလအတွင်း အများဆုံးဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။

 

ယခုလတွင် ပင်လယ်ပြင်၌ ငါး၊ ပုစွန် ရရှိကြသော်လည်း လှိုင်းလေထန်မှုကြောင့် ဖမ်းဆီးချိန်နည်းပါးခြင်းနှင့် ရန်ကုန်ဆိပ်ကမ်းသို့ ပင်လယ်ထွက်ကုန် နေ့စဉ်ဝင်ရောက်မှုမရှိခြင်းတို့ကြောင့် ဝင်ရောက်လာသော ရေထွက်ကုန်များ အရောင်းအဝယ်ကောင်းလျက်ရှိပြီး အထူးသဖြင့် ပြည်ပပို့ကုန်ရေထွက်ကုန်များ အရောင်းအဝယ်သွက်လျက်ရှိသည်။

 

ပင်လယ်ပြင်တွင် မုန်တိုင်းအန္တရာယ်ကြောင့် ငါးသယ်စက်လှေများ ရန်ကုန်ဆိပ်ကမ်းများသို့ ငါးနှပ်၊ ငါးတံခွန်၊ ငါးခေါင်းပွ၊ ကင်းမွန်၊ ငါးတီး၊ ရွှေငါး၊ သင်ဖြူငါး၊ ငါးရောင်၊ ဂုံးညို၊ ပီသာ၊ ငါးသလောက်၊ ဒါးဗီး၊ ကြမ်းခုံ၊ ငါးမုတ်မဲ၊ ဇာဗျတ်ကြီး၊ ကုလားငူပေါက်၊ ဝမ်းပူကြီး၊ ဂျပန်လုံးပေါက်၊ ငါးခူ၊ ငါးရံ့၊ မီးပါကြီး၊ ပုလဲလတ်၊ ငါးချဉ်ပေါင်၊ မီးတံသွယ်၊ ငါးနီလေး၊ ငါးပုဏ္ဏား၊ ကဘီလူး၊ ပုစွန်မျိုးစုံအပါအဝင် ငါးအမျိုးအစား ၅၀ ကျော် တင်ဆောင်၍ ဝင်ရောက်လျက်ရှိသည်။

 

ဓာတ်ပုံ – ကိုလွင်

သတင်း - ဥဿ