စက်တင်ဘာ ၂၉

အီဂျစ်နိုင်ငံက ဂါဇာဒေသသို့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၀၀၀ နီးပါး တင်ဆောင်လာသော လူသားချင်းစာနာမှု အကူအညီပေးရေး ယာဉ်တန်းကြီးကို ယမန်နေ့က စေလွှတ်ခဲ့ကြောင်း အီဂျစ် လခြမ်းနီအဖွဲ့ (အီးအာစီ) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါယာဉ်တန်းသည် ဂါဇာကမ်းမြောင်ဒေသအား အကူအညီများပေးအပ်ရန်အတွက် ဇူလိုင် ၂၇ ရက်က အီးအာစီက စတင်လုပ်ဆောင်ခဲ့သော ၄၃ ခုမြောက် ယာဉ်တန်းဖြစ်သည်ဟု သိရသည်။

ထိုယာဉ်တန်းပေါ်တွင် အစားအသောက်နှင့် ဂျုံမှုန့် တန်ချိန် ၂၇၀၀ ကျော်နှင့် ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော အစ္စရေးနှင့်ပဋိပက္ခဖြစ်ပွားမှုကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ၆၆၀၀၅ ဦး သေဆုံး၊ ၁၆၈၁၆၂ ဦး ဒဏ်ရာရရှိခဲ့ပြီး  အခြေခံအဆောက်အအုံများ ပျက်စီးကာ နယ်မြေအတွင်းလူသားချင်းစာနာထောက်ထားမှုအခြေအနေများပိုမိုဆိုးရွားလာသည်ဟု ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကြောင့် ကလေး ၁၄၅ ဦး အပါအဝင် လူပေါင်း ၄၂၂ ဦး သေဆုံးခဲ့ကြောင်း ထိုအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို