တီဟီရန်    စက်တင်ဘာ    ၂၉

ပဋိပက္ခသစ်များ ထပ်မံဖြစ်ပွားစေမည့် နျူကလီးယားဆွေးနွေးပွဲများကို အီရန်ကဆန့်ကျင်မည် ဖြစ်ကြောင်း  အီရန်သမ္မတ  မာဆော့ပါ ဇက်ကီရှန်က  ပြောကြားသည်။   အီရန်အပေါ်  အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများဖြေလျှော့ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုများမရှိပါက ညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်၏နျူကလီးယား အစီအစဉ်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂက စက်တင်ဘာ ၂၁ ရက်တွင် အရေးယူပိတ်ဆို့မှုများ  ထပ်မံချမှတ်ခဲ့ပြီးနောက်  ၎င်းက   ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

အီရန်သည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က စွပ်စွဲခဲ့ကြသည်။ အီရန်အနေဖြင့်   အမေရိကန်နှင့်   နျူကလီးယားအရေး    တိုက်ရိုက်ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းပြောကြားသည်။     အီရန်အနေဖြင့် ကျိုးကြောင်းဆင်ခြင်မှုရှိသည့် တွေ့ဆုံဆွေးနွေးမှုများ  ဆောင်ရွက်ရန်အသင့်ရှိပြီး   ရှင်းလင်းပြတ်သားသည့် စံနှုန်းများအပေါ်တွင် အခြေခံဆောင်ရွက်မည်ဖြစ်ကြောင်း အီရန်သမ္မတက ပြောကြားသည်။ အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေးကျဆင်းမည်ဟု   စိုးရိမ်ပူပန်မှုများရှိသော် လည်း နိုင်ငံသားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက်  အစိုးရကဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။                       

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ