ပေကျင်း   စက်တင်ဘာ   ၂၉

တရုတ်နိုင်ငံသည်  မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကာ ဘုံအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း   တရုတ်ဝန်ကြီးချုပ် လီချန်းက မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟူနှင့် ပေကျင်းတွင် စက်တင်ဘာ ၂၉ ရက်က တွေ့ဆုံစဉ် ပြောကြား သည်။

ယခုလအစောပိုင်းက တရုတ်သမ္မတ  ရှီကျင့်ဖျင်နှင့်   မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအန်တို့ ပေကျင်းတွင် တွေ့ဆုံခဲ့စဉ်က တရုတ်နှင့် မြောက်ကိုရီးယား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် အရေးကြီးသည့် သဘောတူညီချက်များရရှိခဲ့ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်းက  ပြောကြားသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနှင့် ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးကို  မြှင့်တင်မည်ဖြစ်ကာ  နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိခဲ့သည့် အရေးကြီးသည့် သဘောတူညီချက်များကို    အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အစဉ်အလာအရ   ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်၍ နှစ်နိုင်ငံပြည်သူများ၏  အကျိုးစီးပွားကို  ရှေးရှုဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်       ပေါင်းစည်းဆက်ဆံမှုကို  မြှင့်တင်မည်ဖြစ်ကာ ကဏ္ဍတိုင်းတွင်  လက်တွေ့ကျသည့်   ပူးပေါင်း ဆောင်ရွက်မှုကို   မြှင့်တင်မည်ဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏  အဓိကအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက် မြောက်ကိုရီးယား၏   ခိုင်မာသော ထောက်ခံမှုကို ချီးကျူးဂုဏ်ပြုကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ   ဆက်လက်နက်ရှိုင်းစေပြီး  ဘုံအကျိုးစီးပွားကို  ကာကွယ်ထိန်းသိမ်းလိုကြောင်းနှင့်  နှစ်နိုင်ငံလုံးရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနများအနေဖြင့် ကဏ္ဍတိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို  အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားသည်။

နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုမှနေ၍ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို  ထောက်ပြခဲ့ကြောင်းနှင့် မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာစေရေး အတွက် ဆောင်ရွက်ခြင်းသည်    မြောက်ကိုရီးယား၏ မပြောင်းမလဲ ခိုင်မာမြဲမြံသည့်  ရပ်တည်ချက်ဖြစ်သလို နှစ်နိုင်ငံပြည်သူများ၏  အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟူက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် လူသားမျိုးနွယ်အတွက် မျှဝေသောအနာဂတ်တည်ထောင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကအစီအမံကြီးလေးရပ်ကို အပြည့်အဝထောက်ခံပြီး   တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများနှင့်  ပတ်သက်သည့်ကိစ္စရပ်များတွင်  တရုတ်နိုင်ငံ၏  ရပ်တည်ချက်ကို အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ချိုက ပြောကြားသည်။

မြောက်ကိုရီးယားသည် အဆင့်မြင့်ဆက်ဆံရေးများတိုးမြှင့်ရေး၊  နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးနှင့်    ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာစေရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ